မြိုင်မှာ ကြားဖြတ်တိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး သေဆုံး

RFA Burmese
2024.06.16
မြိုင်မှာ ကြားဖြတ်တိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး သေဆုံး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် Earthquake PDF တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Telegram/ Earthquake People's Defence Force

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအနီးမှာ ရိက္ခာထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၁၅ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကိုင်းတောမရွာမှာ တပ်စွဲထားတဲ့အထဲက စစ်ကောင်စီတပ်သား ၁၅ ဦးဟာ နီးစပ်ရာရွာတွေကို ရိက္ခာထွက်ဝယ်ချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်ပွားချိန်က မိနစ်နှစ်ဆယ်နီးပါးပဲ ကြာတယ်။ စစ်ကောင်စီက အလစ်အငိုက်ခံလိုက်ရတဲ့ သဘောပေါ့။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်။ ဘယ်လောက်ဆိုတာတော့ အတိအကျ မသိရသေးဘူး "

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး MA1 သေနတ်နှစ်လက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ကိုင်းတောမရွာအနီးမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်က အင်အားခြောက်ဆယ်နီးပါးနဲ့ တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေလည်း ဒီနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။