စစ်ကောင်စီ လက်နက်ကြီးထိလို့ အရပ်သား ငါးဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
2024.07.14

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်နဲ့ လားရှိုးမြို့မှာ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ငါးဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့က မိုးကုတ်မြို့ သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတားရပ်ကွက်တွေမှာ လက်နက်ကြီးစထိမှန်ပြီး အရပ်သား သုံးဦးသေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ အရှေ့ပိုင်းက စစ်တန်းကုန်း ရပ်ကွက်က နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့ ရပ်ကွက် ၁ မှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အပြင် မန်မိုင်ရွာမှာလည်း လက်နက်ကြီးထိလို့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ TNLA က ပြောပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၄ မှာလည်း လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ ညကလည်း မိုးမိတ်မြို့မြောက်ပိုင်းရပ်ကွက်က နမ်းခမ်းအင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
TNLA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဇွန် ၂၅ ရက်နေ့ကစတဲ့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
အဲဒီ စစ်ဆင်ရေး ရက် ၂၀ အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ၆၆ ဦးသေဆုံးပြီး ၁ဝ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။