လူထုကို စစ်ပညာသင်ပေးဖို့ အင်ဒိုနီးရှားက မြန်မာ ကို ပြောကြား
2016.11.16

မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုအပါအဝင် လုံခြုံရေးပြသနာတွေကို ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးနေတဲ့ Bela Negara ဘယ်လာ နေဂါရာ ခေါ် လူထုကို စစ်ရေးလေ့ကျင့်ခန်းတွေ သင်ကြားပေးတဲ့ အစီအစဉ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကျင့်သုံးဖို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Ryamizard Ryacudu ရီယာမိုင်ဇာ ရီယာကူဒူး က မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်း ကို မနေ့က ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက မြန်မာကာကွယ်ရေးဝန်ကြီးနဲ့ ဂျာကာတာမြို့မှာ မနေ့က တွေ့ဆုံရာမှာ အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် လူထုကသာလျှင် အဓိကအင်အားဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။
အဲဒီ ဘယ်လာ နေဂါရာ ခေါ် နိုင်ငံတော်ကာကွယ်ရေး အစီအစဉ်အရ အရပ်သားတွေကို စစ်ပညာသင်ပေးတာ ဟာ ပြည်သူအချင်းချင်း ပဋိပက္ခတွေ ခိုက်ရန်ဖြစ်အောင် အားပေးရာကျနိုင်တယ်လို့ ဝေဖန်ပြစ်တင်နေကြပေမယ့် အင်ဒိုအစိုးရကတော့ ဒီအစီအစဉ်ကို မငြိမ်မသက် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာပဲ ကျင့်သုံးဖို့ ရည်မှန်းကြောင်းပြောပါတယ်။