မြစ်ကြီးနားမှာ ပြည်သူ့စစ် ခေါင်းဆောင်နေအိမ် တိုက်ခိုက်ခံရ

RFA Burmese
2024.01.17
မြစ်ကြီးနားမှာ ပြည်သူ့စစ် ခေါင်းဆောင်နေအိမ် တိုက်ခိုက်ခံရ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနေအိမ် တိုက်ခိုက်ခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ကတွေ့ရစဥ်။
Citizen Journalist

ကချင်ပြည်နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ မြစ်ကြီးနားမြို့က နေအိမ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြောပါတယ်။

၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး လက်ရှိမှာ နေအိမ်အနီးတစ်ဝိုက် အရပ်ဝတ်နဲ့ လုံခြုံရေး အပြည့်ချထားတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

“အဲဒီညက ခြောက်ကြိမ်လောက် ပစ်ခံရတယ်။ အသံ တော်တော်ကျယ်တော့ ကျွန်တော်တို့လည်း တော်တော် လန့်သွားတယ်။ အခုက ဘာမှတော့ ထပ်မကြား တော့ဘူး။ အဲဒီပတ်ဝန်းကျင်မှာတော့ အရပ်ဝတ်နဲ့ ရဲတွေလား၊ ပြည်သူ့စစ်တွေ လားတော့ သေချာမသိဘူး၊ လုံခြုံရေးယူနေတာ တွေ့တယ်။ ခါတိုင်းထက်တော့ ပိုများတယ်”

ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ဝိုင်းမော်မြို့နယ်မှာ လူသစ် စုဆောင်းတာတွေ လုပ်နေတယ်လို့လည်း သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဝင်တာကြောင့် လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။

ဦးရွှေမင်းဟာ စစ်ကောင်စီကချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ကိုရထားသလို ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရပြီး လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရထားတဲ့သူလည်းဖြစ်ပါတယ်။

ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ကိုတော့ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နိုဝင်ဘာလ ၁ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာတော့ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။