ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မင်းကိုနိုင် ထောက်ခံမယ်
2011.10.15

အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံအကျဉ်းထောင်မှာ ကိုမင်းကိုနိုင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမဖြစ်သူ ဒေါ်တင်တင်ညွန့် ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက် တာ ဖြစ်ပါတယ်။
“သူ မှာလိုက်တာက သူတို့ အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာပြီ။ အဲ့ဒီေတော့ အခု အန်တီနဲ့ တဖက် အဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးနေတာကို ကြိုဆို ထောက်ခံပါတယ်၊ ဒါပေမယ့် Time Frame တော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ ဒီ ဒိုင်ယာလော့ ကနေပြီးတော့ ရလာမယ့် ရလဒ်အပေါ် အန်တီ ချမှတ်မယ့် Decision ကို သူ လက်ခံပါမယ်တဲ့။ ကျမကို တရားဝင် မှာတာ ဒီစကားလုံးတွေပါပဲ။ ပါတီထောင်ရေးတို့ ရွေးကောက်ပွဲ ဝင်ရေးတို့နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ထောက်ခံတယ်လို့ရော၊ ကန့်ကွက်တယ်လို့ ရော ကြိုပြီးပြောစရာ အကြောင်းမရှိပါဘူးတဲ့။ ကာယကံရှင်တွေ ကိုယ်တိုင်တောင် တိတိကျကျ မပြောသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့်လည်း မရှိဘူးတဲ့။ နောက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ လမ်းကြောင်းလည်း မပေးဘူး၊ နှပ်ကြောင်းလည်း မပေးဘူး၊ ဆရာလည်း မလုပ်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ဘာမှ သဘောထား မပေးနိုင်ပါဘူးတဲ့”
ဒါ့အပြင် ကိုမင်းကိုနိုင်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာကြ သူတွေအတွက် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းသာမိကြောင်းလည်း ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။
ကိုမင်းကိုနိုင်ဟာ သွေးတိုးရောဂါ၊ နှလုံးအားနည်းတဲ့ ရောဂါ၊ ဇက်ကျော ကျည်းပေါင်းတက်တဲ့ ရောဂါနဲ့ ခြေထောက် အတက်ထွက်တဲ့ ရောဂါတွေ ခံစားနေရသလို ပြီးခဲ့တဲ့ ၂ လကစလို့ ခေါင်းမူးတဲ့ ဝေဒနာ ခံစားနေရပြီး ကျန်းမာရေး မကောင်းဘူးလို့လည်း ဆက်ပြောပါတယ်။
ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေက လာမယ့် အင်္ဂါနေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ကျန်းမာရေး အခြေအနေ ကြောင့် အကျဉ်းထောင်အတွင်း မကျင်းပနိုင်တော့ဘူးလို့လည်း ဒေါ်တင်တင်ညွန့်က ဆက်ပြောပါတယ်။
“သူ အခု ကောင်းကောင်း နေမကောင်းတော့လေ ထောင်ထဲမှာ မလုပ်တော့ဘူးတဲ့။ သူလည်း နေမကောင်းဘူး၊ ထောင်ပိုင်ကြီးကလည်း ခွင့်နဲ့ ရန်ကုန် သွားနေတယ်။ ဒု-ထောင်ပိုင်လေးကလည်း သင်တန်း တက်နေတယ်၊ သူ ကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းတော့ မလုပ်တော့ပါဘူးတဲ့။ သင်္ကန်းပဲ လှူတော့မယ်တဲ့။ သင်္ကန်း ဝယ်ပေးခဲ့ တယ်။ ထောင်က တာဝန်ရှိသူတွေက နေပြီးတော့ လှူပေးမှာပေါ့။ ရန်ကုန်မှာက ကျမတို့ သမိုင်းက မြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက်အစောကြီး အာရုံဆွမ်း၊ သံဃာတွေကို ကပ်မယ်။ နောက်ပြီးတော့ နီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟတွေကို မနက် ၈ နာရီကနေ ၁ဝ နာရီအထိ ဧည့်ခံပါမယ်”