အာဇာနည်နေ့အကြို အခမ်းအနား ကျင်းပ
2012.07.18

အခမ်းအနားမှာ တက်ရောက်လာသူတွေက အာဇာနည် ခေါင်းဆောင်တွေကို တစ်မိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
အဲဒီနောက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က မြန်မာနိုင်ငံဟာ ဒီကနေ့အထိ အမျိုးသား စည်းလုံးမှုတွေ ပျက်ပြားပြီး ပြည်တွင်းစစ် ဖြစ်ပွားနေတာဟာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ တိုင်းပြည်မှာ ရတောင့်ရခဲ ရခဲ့တဲ့ အခွင့်အရေးလေးကို အမျိုးသားစည်းလုံး ညီညွတ်မှုကို အဲဒီလို သတ္တိရှိမှုတွေ၊ အဲဒီလို သစ္စာရှိမှုတွေ၊ အမြော်အမြင် ကြီးမှုတွေနဲ့ အခွင့်ထူး မခံမှုတွေနဲ့ ယူခဲ့တဲ့ ကျွန်တော်တို့ ခေါင်းဆောင်ကို လက်နက် အားကိုးနဲ့ လုပ်ကြံလိုက်တဲ့ အခါ ကျွန်တော်တို့ အမျိုးသား စည်းလုံးညီညွတ်မှု ပျက်သွားပြီးတော့ အဲဒီကတည်းက ကျွန်တော်တို့ တိုင်းပြည်မှာ ဒီကနေ့ထိ တမျိုးသားလုံး ညီညွတ်တဲ့ အဆင့်ကို မရောက်ပဲနဲ့ ပြည်တွင်းစစ်တွေ ဖြစ်တယ်"
မြန်မာနိုင်ငံတဝှမ်းက နယ်မြို့အသီးသီးမှာ အခုနှစ်ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားတွေကို အခန်းတွင်းမှာ ကျင်းပခွင့် ပေးထားပေမယ့် ချီတက်လမ်းလျှောက်တာ၊ အထိမ်းအမှတ် နေရာတွေမှာ သွားရောက် ဂါရဝပြုတာတွေကို ခွင့်မပြုဘူးလို့လည်း သိရပါတယ်။
ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မနက်ဖြန် ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး အစိုးရဘက်က ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေလည်း မနက်ဖြန် ညနေ (၃) နာရီမှာ အာဇာနည်ကုန်းမှာ သွားရောက် ဂါရ၀ ပြုကြမယ်လို့ သိရပါတယ်။