ကချင် အရပ်ဖက်အဖွဲ့ခေါင်းဆောင် အဖမ်းခံရ


2018.04.06
minsaing-622.jpg အဖမ်းခံရတဲ့ ကချင် အရပ်ဖက်အဖွဲ့ခေါင်းဆောင် ဆရာမင်ဆိုင်း ကို တွေ့ရစဉ်
ဓါတ်ပုံ- ဆရာ မင်ဆိုင်း - ဖေ့စ်ဘွတ်

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်က နမ်ရှနီ အရပ်ဖက် လူမူအဖွဲ့အစည်းကို ဦးဆောင် လုပ်ကိုင်နေတဲ့ ဆရာမင်ဆိုင်း ကို မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဧပြီလ ၅ ရက်နေ့က မနေ့က ဖမ်းဆီးပြီး ပူတာအိုထောင်ကို ပို့လိုက်ပါတယ်။

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ပြီးခံတဲ့ ၂၀၁၃ ခုနှစ်ကနဲ့ တိုက်ပွဲဖြစ်ပွားချိန်မှာ ဆရာမင်ဆိုင်းက KIA သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့တာကြောင့် တရားစွဲဆိုခံရတာဖြစ်တယ်လို့ မချမ်းဘောမြို့နယ် ရဲစခန်း စခန်းမှူး ခင်ဇော် က ဒီနေ့ အတည်ပြုပါတယ်။

"နယ်မြေခံတပ်ရင်းပေါ့ဗျာ နယ်မြေခံတပ်ရင်း ၁၃၇ ကနေပြီးတော့ ၂၀၁၃ ခုနှစ်က ဒီမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားတယ် ခင်ဗျ၊ KIA သတင်းပေးတယ်ဆိုပြီးတော့ တပ်ရင်းကနေပြီးတော့ တရားလိုလုပ်ပြီးတော့ ဖွင့်တာပါ၊ အခုလောလောဆယ်ကတော့ တကယ်တရားလိုပြုလုပ်တိုင်တန်းတဲ့ တပ်ကအရာရှိတစ်ယောက်ရယ် နောက်ပြီးကျတော့ ပူတာအို စစ်ဗျူဟာက အရာရှိ နောက်ပြီးကျတော့ ရဲတပ်ဖွဲ့အဲဒါတွေကိုတော့ အရင်လောလောဆယ် စစ်ဆေးနေပါတယ်၊ ခင်ဗျား စစ်ဆေးတာကတော့ မချမ်းဘောစခန်းမှူး ကိုယ်တိုင်ပဲ စစ်ဆေးနေပါတယ်"

ဇနီးဖြစ်သူ အထက်တန်းကျောင်းခွဲ လက်ထောက်ကျောင်းအုပ်ဖြစ်တဲ့ ဆရာမ ဆိုင်းမွန်းက ခင်ပွန်းဖြစ်သူ မင်ဆိုင်းဟာ ကေအိုင်အေနဲ့ ဆက်သွယ်တယ်လို့ မယုံကြည်ကြောင်းနဲ့ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် စိုးရိမ်ကြောင်း ပြောပါတယ်။

"ကျမတို့က ဝန်ထမ်းမိသားစုပါ ကျမလည်း ကျောင်းဆရာမ ကျမအမျိုးသား ၁၇(၁)နဲ့ မငြိစွန်းဘူးဆိုတာ ကျမ ရဲရဲကြီးအာမခံပါတယ်၊ ဘာဖြစ်လို့လဲဆိုသူက အရပ်ဖက်လူမှုအဖွဲ့အစည်း ဝန်ထမ်းတွေရဲ့ လိုအပ် ချက် သူက အမြဲတမ်းစစ်ဆေးနေတာ တစ်ခရိုင်လုံးရဲ့ လိုအပ်ချက် လမ်းတံတားလိုအပ်ချက်ပြီးလို့ရှိရင် ဒီလယ်ယာမြေ သိမ်းခံရတဲ့ကိစ္စတွေ သူကအမြဲတမ်းအဲလိုမျိုး ဆောင်ရွက်ပေးနေတဲ့ လူတစ်ယောက်ပါ၊ အဲဒါမျိုးလူတစ်ယောက် က ၁၇(၁)နဲ့ ငြိစွန်းတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ကျမဘယ်လိုမှ လက်မခံနိုင်ပါဘူး"

ဆရာမင်ဆိုင်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ မနေ့က ဖမ်းဆီးခဲ့ပြီး ပူတာအို အကျဉ်းထောင်ကို ဒီကနေ့ ပို့ဆောင်လိုက်ပါတယ်။

ဆရာမင်ဆိုင်းဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီး ပူတာအို ခရိုင်ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တာကြောင့် အဲဒီအမှုအတွက် အဖွဲ့အစည်းအသီးသီးက ကူညီပေးမှာဖြစ်သလို ရှေ့နေများကွန်ရက်ကလည်း လိုက်ပါဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။