ရွေးကောက်ပွဲရလဒ်အတိုင်း လက်ခံမယ်လို့ ကာချုပ်ပြော
2015.11.08

ပြည်သူတွေ ရွေးချယ်တဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း လက်ခံမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးရှိတဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်က အနော်ရထာမဲရုံ အမှတ် ၁ မှာ လာရောက် မဲပေးစဉ် သတင်းထောက်တစ်ဦးက ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီပါတီ အနိုင်ရရှိမယ်ဆိုရင် ဘယ်လိုသဘောထားမလဲလို့ မေးမြန်းရာ ဗိုလ်ချုပ်မှူးကြီး မင်းအေင်လှိုင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ပြည်သူကရွေးချယ်တာပဲ၊ ကျနော်တို့ဘာမှလက်မခံနိုင်စရာအကြောင်းမရှိဘူးလေ၊ သူတို့အားကိုးရတဲ့လူတွေ၊ အဖွဲ့ အစည်းတွေ၊ ပါတီတွေ ဒီလိုမျိုးအောင်မြင်မှုရတာ ကျနော်တို့လိုလားတာပေါ့၊ ပြည်သူအားမကိုးရတဲ့လူနိုင် သွားရင် ဘာလုပ်မှာလဲ၊ ပြည်သူအားကိုးတဲ့သူဖြစ်ဖို့လိုတာပေါ့၊ ဟုတ်ဘူးလား"
ရွေးကောက်ပွဲအပြီး ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဒုတိယ သမ္မတလောင်းတွေကို တင်သွင်းရ မှာဖြစ်ရာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဘက်က တင်မြှောက်မယ့် ဒုတိယသမ္မတလောင်းနဲ့ပတ်သက် ပြီး မေးမြန်းရာ မှာတော့ ပြောဖို့စောသေးတယ်လို့ ဖြေကြားခဲ့ပါတယ်။
အဲဒီမဲရုံမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးခင်အောင်မြင့် နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ မဲပေးခဲ့ကြတာဖြစ် ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးအတွင်းမှာ တပ်မဲရုံ ၆ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းနှစ်ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။
ဇေယျာသီရိမြို့နယ် တစ်ခုလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ ၇ သောင်းကျော်ရှိပြီး မဲရုံပေါင်း ၇၆ ရုံရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။