စစ်ကောင်စီခေါင်းဆောင် မြစ်ကြီးနားရောက်နေစဉ် ကျောင်းသားတချို့ဆန္ဒပြ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ချို့က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
မနေ့က မြစ်ကြီးနားမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး ဒီနေ့မှာတော့ လုံခြုံရေးတချို့ ပြန်ရုပ်သိမ်းတာ မြင်တွေ့ရပြီး ပူတာအိုကို ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့ကတော့ လုံခြုံရေးတွေ တော်တော်များတယ်။ ဒီနေ့မှာ လုံခြုံရေးတချို့လည်း ပြန်သိမ်းသွားတာ တွေ့ရတယ်။ ပူတာအိုဘက်ကို ဆက်တက်မယ်လို့ ကြားတယ်"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာလ ၁၈ ရက် မနေ့က မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဒေသအာဏာပိုင်တွေနဲ့ တွေ့ဆုံတာ၊ မြစ်ကြီးနား တပ်နယ်က တပ်နဲ့တပ်မိသားစုတွေကို တွေ့ဆုံတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မြစ်ကြီးနားမြို့ရဲ့ နေရာတိုင်းလိုလိုမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး အဲဒီလို လုံခြုံရေးတွေ တင်းကျပ် ထားတဲ့ ကြားကပဲ မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂက လူငယ်တစ်ချို့က မနေ့က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။