နိုင်ငံတကာဖိအားကြောင့် လုံခြုံရေး လုပ်ဆောင်ရတာ အကျပ်အတည်းရှိကြောင်း ဗိုလ်ချုပ်မှူးကြီးပြော


2017.09.21
minaunghlaing-maungtaw-622 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မောင်တောမြို့၊ အောင်မြေဗောဓိ သာသနာ့ရိပ်သာမှာ ခိုလှုံနေတဲ့ ဒေသခံတွေနဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မောင်တောဒေသကနေ စစ်တပ်ကိုရုပ်သိမ်းဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့အတွက် ဒေသလုံခြုံရေးလုပ်ဆောင် ရတာ အကျပ်အတည်းဖြစ်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။

မောင်တောမြို့နယ် အလိုတော်ပြည့်ကျောင်းမှာ ခိုလှုံနေကြတဲ့ ဒေသခံတွေနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံရာမှာ ဒေသခံတွေဘက်က တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောခဲ့တာလို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ မောင်တောမြို့ခံ ဦးဝေဟင်အောင် က ပြောပါတယ်။ 

“စစ်တပ်ကို အချိန်အတိုင်းအတာ တစ်ခုလောက်ထားပြီးတော့ ဒီနေရာကနေမသွားဖို့ ကျနော်တို့တွေက ဝိုင်းပြီးတော့ မေတ္တာရပ်ခံတယ်။ အဲဒီမှာ သူကလည်း အထက်မှာတင်ပြပြီးတော့ ဆွေးနွေးပြီးတဲ့အချိန်မှာ သူတို့ အဲဒီဟာလေး ဆောင်ရွက်ပါ့မယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောသွားတယ်။ အဲဒီပေါ်မှာ သူက ဘာမှတ်ချက်ပြုသလဲဆိုရင် နိုင်ငံတကာကတော့ဗျာတဲ့ စစ်တပ်ကို ရုပ်သိမ်းဖို့အတွက် ဖိအားတွေ ပေးနေတယ်တဲ့။ အဲဒီမှာ သူတို့ လုပ်ရကိုင်ရနည်းနည်းကျပ်တယ်လို့ အဲဒီလောက်ပဲ ပြောသွားတယ်”

ဒေသခံတွေကလည်း နိုင်ငံတကာဖိအားတွေကို ခေတ္တဘေးဖယ်ထားပြီး လုံခြုံရေးကို မရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ် လို့ ဆိုပါတယ်။

ဒါ့ပြင်နယ်စပ်ခြံစည်းရိုး ခိုင်ခိုင်မာမာတည်ဆောက်ဖို့ ဒေသခံတွေက တောင်းဆိုရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နယ်စပ်ခြံစည်းရိုးတလျှောက် လေးလမ်းသွား ကားလမ်းမကြီးဖောက်လုပ်ဖို့ အစီအစဉ် ရှိကြောင်း၊ အငူမော်ကနေ တောင်ပြိုအထိ ကွန်ကရစ်လမ်းနဲ့၊ စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင် တိုက်ရိုက်ကားလမ်းကို ပွင့်လင်းရာသီရောက်ရင် စပြီးဖောက်လုပ်သွားမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။