နိုင်ငံတော်ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်လို့ ထုတ်ပြန်ချက်တွေဟာ နိုင်ငံတော်ကို ကိုယ်စားပြုတယ်လို့ ကာချုပ် ပြောကြား
2018.10.19

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာဟာ တစ်ဖက်သတ် စုံစမ်းရရှိချက်ဖြစ်ပြီး အဲဒီကိစ္စတွေအပေါ် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်ပြီး တပ်မတော်က ထုတ်ပြန်ပြောဆိုချက်တွေဟာ မှန်ကန်ပြီး နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်တာကြောင့် ထုတ်ပြန်ချက်တွေဟာ နိုင်ငံတော်ကို ကိုယ်စားပြုကြောင်းလည်း သံအမတ်ကြီး H.E Mr. Nikolay Listopadov ကို ပြောကြားခဲ့တယ်လို့ တပ်မတော်က မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့အတွက် ပြည်သူတွေက ရွေးချယ်ထားတဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေအပေါ် ရုရှားနိုင်ငံက နားလည်မှုရှိတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားမှာဖြစ်သလို ရုရှားနိုင်ငံကို သြဂုတ်လက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သွားရောက်ခဲ့တဲ့ခရီးစဉ်ဟာလည်း အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြောခွင့်ရသူ ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းရာမှာ သတင်းထုတ်ပြန်ချက်ထဲက အတိုင်းပဲဖြစ်ပြီး သီးခြားမှတ်ချက်ပေးစရာ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာ့တပ်မတော် တာဝန်ရှိသူတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေစုံစမ်းရေး မစ်ရှင်အဖွဲ့ FFM အစီရင်ခံစာကို လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးတော့မှာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာကို ဆွေးနွေးဖို့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပြီး တရုတ်နဲ့ ရှရှားကတော့ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီအဖွဲ့နဲ့သာ ဦးစွာ အရေးယူဆောင်ရွက်သင့်တယ်လို့ သဘောထားရှိခဲ့တယ်လို့ သိရပါတယ်။