အစီအစဉ်ရှိရှိ စနစ်တကျသတ်ဖြတ်မှု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြင်းဆို


2019.02.15
minaunghlaing-21panglong-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့ကကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Thiha Tun/ RFA

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အစီအစဉ်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းပြီး၊ အခိုင်အမာသက်သေ မရှိတဲ့ ပြောဆိုချက်တွေဟာ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို စော်ကားမှုပဲ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဂျပန် အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းဌာနနဲ့  သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက မုဒိမ်းကျင့် သတ်ဖြတ် မီးရှို့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်အားလုံးက တပုံစံတည်း၊ တညီတညွတ်တည်း စွပ်စွဲပြောဆိုနေကြတာဟာ သူတို့ကို တယောက်ယောက်က သင်ကြားပေးထားတယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အဲဒီလူတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတာဟာ သူတု့ိရဲ့ ဆွေမျိုးတွေနဲ့ အတူနေထိုင်လိုတာ၊ ဒါမှမဟုတ် တတိယနိုင်ငံတခုခုကို သွားချင်တာကြောင့် ဖြစ်နိုင်ပါတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်ခဲ့ဖွယ် ရှိပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိအမှတ်ပြု ပြောဆိုပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ် ခုံရုံးက တရားစီရင်မယ့်ကိစ္စနဲ့ ပတ်သက်လို့တော့ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ခြိမ်းခြောက်ရာကျတဲ့ ဘယ်ညွန်ကြားချက်ကိုမှ လက်ခံမှာမဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုတယ်လို့  အဆာဟိရှင်ဘွန်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတိုင်း၊ ဒါတွေဟာ အခြေအမြစ်မရှိ စွပ်စွဲချက်တွေပဲဖြစ်တယ်လို့ မြန်မာ့တပ်မတော်က တလျှောက်လုံး ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။