ဗိုလ်ချုပ်မှူးကြီး ပင်စင်မယူတဲ့ကိစ္စ တပ်မတော်လုပ်ထုံးလုပ်နည်းနဲ့ဆိုင်တယ်လို့ပြော


2019.05.23
ministry-press-622.jpg နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ၂၀၁၉ မေ ၂၃ ရက်နေ့က ဝန်ကြီးဌာန ၃ခု သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အသက် ၆၀ ပြည့်ပေမယ့် အငြိမ်းစား မယူသေးတာဟာ နိုင်ငံ့ဝန်ထမ်းဖြစ်ပေမယ့် သီးခြားအဖွဲ့အစည်းဖြစ်တာကြောင့် တပ်မတော်နဲ့သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေအရ ဆက်လက်ရှိနေတာဖြစ်တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ဒီနေ့ ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ဝန်ကြီးဌာန ၃ခု သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့ အပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် က အခုလိုဖြေကြားခဲ့တာပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့ကလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖို့ ဆောင်ရွက်နေပေမယ့် အခုအချိန်အထိ ပြန်လည်လက်ခံရေးအစီအစဉ် အောင်မြင်မှုမရှိသေးပဲဖြစ်နေတာနဲ့ ပတ်သက်လို့လည်း သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြန်လည်လက်ခံရေး အစီအစဉ်ကို တစိတ်တပိုင်းထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလ ၄ ရက်က ရက္ခိုင့်တပ်မတော် အေအေက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်က စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာဖြစ်ကြောင်း တပ်မတော်က ပြောဆိုထားပါတယ်။

တဆက်တည်းမှာပဲ သီရိလင်္ကာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ဖမ်းဆီးရမိခဲ့သူနဲ့ ဆက်စပ်ပတ်သက်သူတွေ ထဲက တဦးဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်လေဆိပ်က ပြန်လည်ထွက်သွားတာ မတွေ့ရတဲ့အတွက် စိစစ်ပေးဖို့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက စာထုတ်ထားတာနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ဌာနဆိုင်ရာတွေ စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးမြင့်သူကပြောပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ BRI စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကြွေးမြီထောင်ချောက်စိုးရိမ်မှုအပေါ် သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အစိုးရအနေနဲ့ အကြွေးဝန် မပိအောင် ဆောင်ရွက်နေတယ်လို့ ဖြေခဲ့ပါတယ်။

စီမံကိန်းတွေကို စဉ်းစားတဲ့အခါ အတိုးနှုန်းသက်သာတာတခုတည်းကို မကြည့်ပဲ နိုင်ငံရေး စီးပွာရေး ပညာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့နဲ့ ချိန်ညှိဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း နဲ့ ကိုဝင်းကိုကိုလတ် တို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။