စစ်ကောင်စီနဲ့ ရုရှားပေါင်းပြီး ရန်ကုန်မှာ နျူကလီးယားစင်တာဖွင့်လှစ်
2023.02.06

ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီစင်တာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev တို့ တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။
ဒီစင်တာမှာ ဘယ်လိုလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အဲဒီစင်တာတည်ဆောက်ဖို့ စစ်ကောင်စီရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ရုရှားနိုင်ငံကို ရောက်ရှိချိန် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။
အဲဒီအချိန်ကတော့ မြန်မာနိုင်ငံမှာ နျူကလီးယားပညာကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုနိုင်ရေးကို ပြည်သူလူထုက ယုံကြည်လက်ခံဖို့ရည်ရွယ်ပြီး တည်ဆောက်မှာလို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ဖို့လည်း သဘောတူထားပါတယ်။
နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အသုံးပြုမှာလို့လည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နျူကလီယား လက်နက် ပိုင်ဆိုင်နိုင်ဖို့ အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးထားသလို နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။