အမျိုးသားနိုင်ငံရေးမှာ အစွန်းမရောက်ဖို့ ကာကွယ်ရေးဦးစီးချုပ်ပြော
2019.06.16

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေပြီး နိုင်ငံ့အရေးလုပ်ငန်းများကိုလည်း ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ အမျိုးသား နိုင်ငံရေးဆောင်ရွက်ရာမှာ အစွန်းရောက်လို့မရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
အဲလိုဆောင်ရွက်ရာမှာလည်း ဝေဖန်မှုတွေ ဘယ်လိုပဲရှိနေပါစေ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့လိုကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ကလောတပ်နယ်က တပ်မတော်သား အရာရှိ၊ စစ်သည် မိသားစုဝင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
အမျိုးသား နိုင်ငံရေးမှာ အစွန်းမရောက်ဖို့ ပြောကြားပေမယ့် တပ်မတော်က လက်ခံထားတဲ့ အမျိုးသား နိုင်ငံရေးရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။
တပ်မတော်အနေနဲ့ ၁၉၈၈ ခုနှစ်ကစပြီး နိုင်ငံတော် တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး၊ အမျိုးဘာသာ သာသနာအရ အမြင်မတူဘဲ သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပြီး ဝေဖန်၊ တိုက်ခိုက် ပြောဆိုမှုမျိုးစုံရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ ပြည်သူတွေလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ဖို့ ဆောင်ရွက်ခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။