တပ်မှူးတွေ ဥပဒေ လိုက်နာဖို့လိုကြောင်း ကာချုပ် ပြောကြား
2018.08.09

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ခေတ်ဟာ ပြည်သူတွေ ရွေးချယ် တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ ခေတ်ဖြစ်တဲ့အတွက် မိမိတို့ တပ်မတော်အနေနဲ့ ဥပဒေကို အလေးထား လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်းနဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေ တယ်လို့ အကြောင်းပြပြီး ဥပဒေကို ချိုးဖောက်လို့ မရကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ပြင်ဦးလွင်မြို့ တပ်မတော်အုပ်ချုပ်မှုကျောင်းမှာ ဥပဒေ ဒီပလိုမာ ၆ လကြာသင်တန်း တက်ရောက်သင်ကြားနေတဲ့ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကြီး ၂၁ ဦးနဲ့ မနေ့က တွေ့ဆုံရာမှာ သူက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တပ်မတော် ခေါင်းဆောင်တွေဖြစ်တဲ့ တပ်မှူးကြီး တပ်မှူးငယ်တွေ အနေနဲ့ ဥပဒေကို နားလည်ဖို့ လိုကြောင်း၊ မိမိတို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး အဲဒီ လက်နက်တွေကို တိုင်းပြည်ကာကွယ်ဖို့ ယုံကြည်စွာ ပေးအပ်ထားတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ကိုင်တွယ်ဖို့ လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။