ပျက်ကျတဲ့ တပ်လေယာဉ်ကို မကြာခင် ရှာတွေ့မယ်လို့ ယူဆကြောင်း ကာချုပ်ပြော


2017.06.10
minaunghlaing-620.jpg တပ်မတော်လေယာဉ် ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့ မိသားစုဝင်တွေအတွက် အလှူငွေပေးအပ်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဇွန်လ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA

ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် ပျက်ကျတယ်လို့ ယူဆတဲ့ နေရာအနီးတဝိုက် မှာ နောက်ထပ် အထောက်အထားတွေ တွေ့ထားတဲ့အတွက် မကြာခင် လေယာဉ်ကို ရှာတွေ့မယ်လို့ ယူဆကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော်လေယာဉ် ပျက်ကျမှုမှာ ပါဝင်ခဲ့တဲ့ မိသားစုဝင်တွေအတွက် စေတနာရှင်တွေက ပေးအပ်တဲ့ အလှူငွေပေးအပ်ပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ခရီးသည် ၁၂၂ ဦးနဲ့ ကုန်တန်ချိန် ၂ တန်ခွဲနီးပါး တင်ဆောင်ပြီး မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာစဉ် ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အကွာမှာ အဆက် အသွယ်ပြတ်တောက်ပြီး ပျက်ကျခဲ့တာဖြစ်ပြီး အခုအချိန်အထိ ရုပ်အလောင်း ၃၃ လောင်း ရှာဖွေထားတာဖြစ် ပါတယ်။

ဒါ့အပြင် အဲဒီလေယာဉ်ပျက်ကျမှုဟာ တပ်မတော်ရဲ့သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး စက်ပစ္စည်း၊ လူနဲ့ ရာသီဥတု ဘာကြောင့်ဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ရှာဖွေတွေ့ရှိထားတဲ့ အလောင်းတွေမှာ ဆားငံရေထိတဲ့ ဒဏ်ရာမျိုးတွေပဲတွေ့ရှိထား ပြီး ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ဒဏ်ရာမျိုး မတွေ့ကြောင်းလည်း ပြောပါတယ်။

ရာသီဥတုဆိုးရွာတဲ့အတွက် မီတာ ၅ ထောင် ကျော်မှာပျံသန်းနေတဲ့ လေယာဉ်ဟာ တစ်မိနစ်အတွင်း မီတာ သုံးထောင်လောက် နိမ့်ဆင်းသွားတယ်လို့ ရေဒါတွေအရ သိရတဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် ရှာဖွေရေးအတွက် တပ်မတော်က စစ်ရေယာဉ်၊ စစ်လေယာဉ်တွေ၊ အထူးရေငုပ်အဖွဲ့တွေနဲ့ ခက်ခက်ခဲခဲရှာဖွေနေသလို ကူညီပေးတဲ့ ငါးဖမ်းစက်လှေတွေနဲ့ အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ပါဝင်သွားသူတွေရဲ့ မိသားစုဝင်တွေအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုက ကျပ် ၁၂၂ သိန်း၊ အငြိမ်းစား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး မိသားစုက သိန်း ၃ဝဝ အပါအဝင် သိန်းပေါင်း တစ်သောင်းနီးပါးကို ပေးအပ် တာဖြစ်ပါတယ်။

အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြည်ထဲရေး၊ နယ်စပ်နဲ့ ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။