မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းသုံးခုလုံးကို AA သိမ်းပိုက်
2024.02.06

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ကျန်ရှိနေတဲ့ စစ်ကေင်စီရဲ့ ခမရ (၃၇၉) နဲ့ (၅၄၁) တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ လက်ကျန်တပ်ရင်းတချို့ကို AA က တစ်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်အပြီးမှာ မင်းပြားမြို့အခြေစိုက် တပ်ရင်းနှစ်ခုကို သိမ်းယူနိုင်တာလို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ထည့်သွင်းထုတ်ပြန်တာမရှိသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
မင်းပြားမြို့နယ်မှာ တပ်ရင်းသုံးခုရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ခမရ (၃၈၀) ကို AA က သိမ်းယူခဲ့ပြီး ကျန်တဲ့ တပ်ရင်းနှစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ယာစခန်းအပြင် တောင်ပြိုလက်ဝဲစခန်းကိုလည်း သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်အပြီး သိမ်းနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော် ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲ၊ အမ်း နဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်ရှိနေဆဲပဲလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရင်းတွေ လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ရက္ခိုင့်တပ်တော် (AA) က ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခြောက်ခုကို သိမ်းယူထားပါတယ်။