မင်းပြားမြို့ကို ပြန်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း မြောက်ပိုင်းအဖွဲ့ထုတ်ပြန်

RFA Burmese
2024.02.10
မင်းပြားမြို့ကို ပြန်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း မြောက်ပိုင်းအဖွဲ့ထုတ်ပြန် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဥ်။
RFA

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ပြန်ရဖို့ ကြိုးစားနေတယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ကြေညာထားပါတယ်။

ဒါ့အပြင် ရမ်းဗြဲမြို့တဝိုက်ကိုလည်း သိမ်တောင်ဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့က ဆိုပါတယ်။

ဒါ့ကြောင့် ရမ်းဗြဲမြို့ပေါ်က အမှတ် ၅ နဲ့ အမှတ် ၆ ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်နဲ့ ဗုံးစတွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် မြို့နယ်တချို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပြိုလက်ဝဲအပြင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။