မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး

RFA Burmese
2023.11.13
မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တစ်နေရာကို တွေ့ရစဉ်။
Mapio.net

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြို (ချင်း) အုပ်စု ဖေသာပြင်ရွာမှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ချင်းလူမျိုးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေသာပြင်ရွာခံ အသက် (၅၄) နှစ်အရွယ် ဦးကျော်သိန်းဖြူဟာ ရွာနဲ့နှစ်မိုင်ခန့်အကွာမှာ စပါးရိတ်သိမ်းနေချိန် အနီးအနားကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောကုန်းကို ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး မင်းပြားဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လယ်ကွင်းမှာ စပါးရိတ်သိမ်းနေတဲ့အချိန်မှာ အနားကို လက်နက်ကြီးကျည်စ ထိမှန်ပြီးတော့ ဒဏ်ရာရသွားတာ။ ဖြစ်တဲ့အချိန်က ၇ နာရီ မိနစ် ၄၀ လောက်မှာပါ။ ဘယ်လိုဖြစ်တာလဲဆိုရင် ကားနှစ်စီးသွားတယ်လို့ ပြောတယ်။ အဲကားနှစ်စီး သွားတဲ့အချိန်မှာတစ်စီးက လှမ်းပစ်တယ်လို့ အဲလိုပုံစံကြားတယ်”

မင်းပြားမြို့ ကျိန်းတောင်ဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ မကြာခဏ ပစ်နေတာကြောင့် ဖားပြို (ချင်း) ရွာ၊ ဖေသာပြင်နဲ့ ကြက်ယက် စတဲ့သုံးရွာက ဒေသခံတွေ စပါးရိတ်လို့ မရတော့ဘဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

မင်းပြားနယ်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်သင်တန်းကျောင်း တိုင်းဗဟို (၉) ဘက်ကနေ ရိက္ခာနဲ့ လူအင်အားတင်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီးကိုလည်း ဖားပြို (ချင်း) ရွာအနီးမှာ ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်တာကြောင့် ကားတစ်စီး မီးလောင်သွားတယ်လို့ မေလွန်းရွာခံတစ်ဦးက ပြောပါတယ်။

“တိုင်းဗဟို (၉) ဘက်က ကားနှစ်စီး မင်းပြားဘက်ကိုလာတယ်။ ပြီးတော့ မင်းပြားဘက်က ကားနှစ်စီးက တိုင်းဗဟို (၉) ဘက်ကိုလာတယ်။ တိုင်းဗဟို (၉) က ကားနှစ်စီးလို့ထင်တယ်၊ အဲဒီကားနှစ်စီးက ပြန်လို့လာတယ်။ ပြန်လာတော့ လမ်းခုလတ် ဖားပြိုရွာနားမှာ တိုက်ခိုက်ခံရတယ်။ အဲဒီအနားမှာ စပါးရိတ်နေသူတွေ ပြောတာကတော့ တစ်စီးမီးလောင်နေတယ်တဲ့။ နောက်တစ်စီးကတော့ မမြင်ခဲ့ရဘူးတဲ့ သူတို့လည်း ထွက်ပြေးလာကြတာလေ”

ကားတစ်စီးမှာ ရိက္ခာနဲ့လူအင်အား နှစ်ဆယ်ခန့်စီပါလာပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု ကိုတော့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။