မင်းတပ်မြို့ စစ်ဘေးဒုက္ခသည် ကူညီရေး ပစ္စည်းထားတဲ့နေရာ ဗုံးကြဲခံရ
2023.01.23

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ထောက်ပံ့ကူညီရေး ပစ္စည်းတွေထားတဲ့ အိမ်ကို ဇန်နဝါရီလ ၂၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ဦးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအိမ်ဟာ မင်းတပ်မြို့နယ်၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်း တစ်ခုက စစ်ဘေး ဒုက္ခသည်တွေကို ပေးမယ့် ပစ္စည်းအစုံထားတဲ့ နေရာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ DPs တွေဖြန့်ဖို့ ပစ္စည်းတွေဆို အဲဒီမှာပဲလှောင်တာပေါ့။ ငှားထားတဲ့အိမ်ပါ။ အဲဒီကို ပစ်တာ။ ငါးလုံးကြဲတာ လေးလုံးက အဲဒီအိမ်နားကိုကျတယ်။ နောက်တစ်လုံးကတော့ လူနေအိမ်တစ်လုံးပေါ်ကြတာ”
အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပြီး အခြား ထိခိုက်ပျက်စီးမှုတွေကိုတော့ အသေးစိတ် အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ သုံးကြိမ် လှမ်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလိပ်ထွီရွာနဲ့ ငါးမိုင်အကွာမှာရှိတဲ့ စွန်တောင်ရွာနားကိုလည်း ဇန်နဝါရီလ ၂၁ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အဲဒီနှစ်ရွာစလုံးမှာ စစ်ဘေးဒုက္ခသည်တွေ အများဆုံး နေထိုင်ပြီး အခုလိုလေကြောင်းနဲ့ အပစ်ခံရတာကြောင့် လူဦးရေနှစ်ထောင်နီးပါး အခြားဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိအချိန်ထိ မင်းတပ်တစ်မြို့နယ်လုံးကို စစ်ကောင်စီတပ်ဘက်က တယ်လီဖုန်းလိုင်းရော အင်တာနက် လိုင်းတွေပါ ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့ ပြောဆိုခဲ့ပါတယ်။