မင်းတပ်မှာ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
2024.07.17

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၁၂) ကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုဟာ ဇူလိုင်လ ၁၇ ရက် ည ၁၂ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာလို့ ချင်းဒေသကာကွယ်ရေးတပ် (CDF) မင်းတပ်က ဇူလိုင်လ ၁၈ ရက်နေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဗုံးကြဲခံရတဲ့ ရွာအမည်နဲ့ ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို လုံခြုံရေးအရ ထိန်ချန်ထားတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဒီအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဟာ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေထက် လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပိုပြီးလုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြောပါတယ်။