မင်းတပ်မှာ လေကြာင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီး
2024.04.01

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) က ရွာတွေကို ဧပြီလ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့နဲ့ မိုင် ၄၀ ခန့်ဝေးတဲ့ အဲဒီရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့တာဖြစ်ပြီး ပထမ အကြိမ်မှာ ဗုံးနှစ်လုံး၊ ဒုတိယအကြိမ်မှာ ဗုံးဆယ်လုံး ကြဲချခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။
ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာ လူနေအိမ်နှစ်လုံးနဲ့ ခရစ်ယာန်ဘုရား တစ်ကျောင်း ပျက်စီးခဲ့ပြီး၊ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
ဒီတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်တာတော့မရှိဘူးလို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့က အချိန်မီ ဗုံးခိုကျင်းထဲ ပုန်းနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရသေဆုံးတာမရှိဘူး။ ဘုရားကျောင်းနဲ့ လူနေအိမ်တွေတော့ ပျက်စီးသွားတယ်။ ဗုံးကြဲတာ အသံက အရမ်းကျယ်တာပဲ။ နေအိမ်တွေတော့ ပျက်စီးသွားတယ်။ ဘုရားကျောင်းလည်းပါတယ်”
စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ဗုံးတွေကြောင့် လူနေအိမ်တွေဘက်မဟုတ်တဲ့ တောတောင်တွေထဲကျပြီး တောမီးလောင်နေတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လတစ်လအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သား ၆၆ ဦးအထိ ရှိနေပါတယ်။