မင်းတပ်မြို့တိုက်ပွဲ တစ်လကျော်အထိ ဆက်လက်ပြင်းထန်နေ
2024.12.09

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF)၊ ချင်းညီနောင် မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေဟာ တစ်လကျော်ကြာတဲ့အထိ ဆက်လက်ပြင်းထန်နေတယ်လို့ မင်းတပ်ဒေသခံတွေက RFA ကို ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့က စခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ နေ့စဥ် ပစ်ခတ်သလို ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နေ့တိုင်းလိုလိုကို ဗုံးကြဲနေတာ။ ဆက်နေရင် အသက်ရှင်စရာလမ်း မတွေ့လို့ ထွက်ပြေးနေရတာပေါ့။ အခုက ကျွန်မတို့တွေ စုဖွဲ့ပြီးနေနေကြတယ်။ မင်းတပ် ရဲစခန်းရှေ့က အိမ်တွေတို တစ်လုံးမှ အကောင်း မကျန်ခဲ့တော့ဘူး။ အကုန်မီးထဲ ပါသွားပြီ။ ဘုရားကျောင်းပါ ဗုံးကြဲနေတော့ အဲဒီကိုလည်း မရှောင်ရဲဘူး။ ဒီအတိုင်းတောတွေထဲ ရှောင်နေရတယ်”
စစ်ကောင်စီရဲ့ မင်းတပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၇၄ တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး မြို့ကို လက်မလွှတ်ရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်းကျော် နေထိုင်ပြီး အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ဒေသခံတစ်ဝက်ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့က တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ချင်းပြည်နယ်ထဲက မင်းတပ်၊ ဖလမ်း၊ ထန်တလန်မြို့တွေမှာ နိုဝင်ဘာ ပထမအပတ်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ချင်းကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်ထားပါတယ်။