မင်းတပ်မြို့စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လုနီးပါးဖြစ်နေ
တောင်တန်းထူထပ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ လွန်ခဲ့တဲ့ သုံးပတ်ကစလို့ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုမြေပြိုဖြစ်ပြီး မြို့တွင်းမြို့ပြင် ဆိုင်ကယ်နဲ့ သွားလာဖို့တောင် အတော် ခက်ခဲနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပိုဆိုးတာကတော့ စစ်တပ်နဲ့ရဲက စားနပ်ရိက္ခာ သယ်ယူနိုင်တဲ့ မြို့အဝင်အထွက် လမ်းတွေကိုသာမက ထီးလင်းနဲ့ ယောဒေသဘက်က ထောက်ပို့လမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားပြီး၊ လူငယ်လူလတ် အမျိုးသား မှန်သမျှကို သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့အတွက် ရိက္ခာသယ်ယူဖို့ကို ပိုပြီးခက်ခဲစေတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒီလိုအခက်အခဲတွေကြောင့် ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ နှစ်ပတ်စာလောက်ပဲ ကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ယောက်က RFA ကို ပြောပါတယ်။
“လက်ရှိအခြေနေကတော့ ထောက်ပို့လမ်းကြောင်းတွေ အကုန်ပိတ်နေတယ်။ မင်းတပ်ရဲ့ အနောက်ဘက်၊ တောင်ဘက်က တောလမ်းတွေ အကုန်လုံး မြေပြိုတယ်။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ နောက်ထပ် နှစ်ပတ်လောက်နေရင် အကုန်လုံးရိက္ခာပြတ်မယ့် အခြေအနေမျိုး ရှိတာပေါ့နော်။ မင်းတပ်မြို့ထဲကို ဝင်မယ်ဆိုရင်လည်း လူငယ်ပိုင်းတွေ၊ လူလတ်ပိုင်းတွေကို ဖမ်းတယ်၊ စစ်တယ်၊ ဖုန်းတွေ သိမ်းတယ် ဆိုတော့ အဲဒီဘက်ကိုလည်း ဘယ်သူ့မှ မသွားရဲကြတော့ဘူး။ ရောဂါကလည်း မင်းတပ်က တော်တော် ဆိုးနေတယ်ဆိုတော့ မင်းတပ်မြို့မှာဆိုလည်း စျေးဝယ်လို့ မရပါဘူး။ စျေးကလည်း တအားကြီးတာ၊ ရောင်းတဲ့လူလည်း မရှိဘူးဆိုတော့။ ယောနယ်ဘက်က ဝယ်မယ်ဆိုလည်း လမ်းကြောင်းတွေ အကုန် ပိတ်ထားတယ် စကစ က”
အဲဒီလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် မြို့ပြင်မှာ စစ်ရှောင်နေတဲ့ ဒေသခံတွေအနေနဲ့ နေ့စဉ် စားဝတ်နေရေးအတွက် မြို့ထဲဝင်ပြီး စျေးဝယ်ဖို့ကို ဘယ်သူ့မှ မသွားရဲကြဘူးလို့လည်း သူက ဆိုပါတယ်။
ကာလအတန်ကြာ ရပ်နားထားတဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်၂၁ ရက်ကစပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာလို့လည်း ဒေသခံတွေနဲ့ CDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မင်းတပ်မြို့နယ်မှာ အရင်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ တစ်သောင်းခွဲကျော် ရှိနေပြီး အခု တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည်အသစ် ခုနစ်ထောင်လောက် ထပ်တိုးလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ် CDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“ရွာဘက်မှာ သုံးသောင်း၊ ငါးသောင်းလောက် ရှိသော်ငြားလည်းပဲ တကယ့်ဒုက္ခသည်အရေအတွက်က ကျွန်တော်တို့ IDP Camp တွေမှာ စာရင်းရသလောက်က တစ်သောင်းခွဲ၊ နှစ်သောင်းဝန်းကျင်လောက် ရှိတယ်။ ဒါပထမအကြိမ်ပေါ့နော်။ မေလကုန်ပိုင်းမှာ ရတဲ့ စာရင်းပေါ့နော်။ ပြီးတော့ ဇွန်လဆန်းပိုင်းမှာ တိုက်ပွဲပြန် ဖြစ်တယ်။ ပြန်ဖြစ်တော့ ဒုက္ခသည် တော်တော်များများက ထီးလင်းတို့၊ ယောတို့၊ ပခုက္ကူတို့ဘက်ကို တော်တော်များများ ပြေးသွားတယ်။ မင်းတပ်မြို့နယ် ဟိုးအတွင်းပိုင်းပေါ့၊ မတူပီဘက်၊ ပလက်ဝဘက်ကို ရှောင်သွားတာလည်း ရှိတယ်။ အဲလိုဆိုတော့ အဲဒီဒုက္ခသည်တွေရဲ့ စာရင်းတွေကိုတော့ ကျွန်တော်တို့ ပြန်မကောက်နိုင်သေးဘူး။ လောလောဆယ် တိုက်ပွဲနဲ့ မလှမ်းမကမ်း မနီးမဝေးမှာရှိတဲ့ ဝန်းကျင်ကသူတွေကို ကျွန်တော်တို့ ပြန်ကောက်တော့ ခြောက်ထောင်၊ ခုနစ်ထောင်လောက် ရှိမယ်။ တိုက်ပွဲဖြစ်တဲ့ ဝန်းကျင်မှာရှိတဲ့ တိုက်ပွဲ တကယ်ရှောင်ရတဲ့သူတွေပေါ့နော်။ တိုက်ပွဲပြန်ဖြစ်လာတော့ ပြန်ပြေးရတာပဲ”

အခုလို မိုးရာသီမှာ စားစရာရော၊ နေစရာပါ အခက်အခဲဖြစ်နေတဲ့ မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ အတွက် ရန်ကုန်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မိသားစုတစ်ထောင်၊ လူဦးရေ ငါးထောင်အတွက် ဆေးဝါးနဲ့ အမိုးအကာ အပါအဝင် လူသုံးကုန်ပစ္စည်းတွေကို ကားတစ်စီးအပြည့် တင်ဆောင်ပြီး ဇူလိုင်လ ၂၀ ရက်ကစလို့ တစ်ပတ်ကြာကူညီဖို့ ကြိုးစားခဲ့ဖူးပါတယ်။
အဲဒီအချိန်က ဒေသအခြေစိုက် စစ်တပ်နဲ့ မင်းတပ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေရဲ့ လုံခြုံရေးအကြောင်းပြ တားမြစ်ချက်ကြောင့် UNHCR အဖွဲ့ဟာ မိသားစု ၆၀ ကျော်စာအတွက်ပဲ အကူအညီ တွေ ပေးနိုင်ပြီး ကျန်တဲ့ပစ္စည်းအားလုံးကို ရန်ကုန်ကို ပြန်မသယ်နိုင်ဘဲ မင်းတပ်မြို့ပေါ်က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စုပုံပြီး ထားခဲ့ရတယ်လို့ စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"UNHCR က ပေးချင်တယ်။ စစ်ကောင်စီက ပေးခွင့်မပြုဘူး"
အဲဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး UNHCR ဝန်ထမ်းတချို့ မင်းတပ်ကို ပြန်ရောက်နေတာ တွေ့ရပေမယ့် ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေကို ပေးမယ့်ဟာက ဘုန်းကြီးကျောင်းမှာ သွားလှောင်ထားတယ်။ နောက်ကို နယ်တွေကို ပေးဖို့ဆိုတာတော့ မဟုတ်ဘူး။ ဘာလို့ဆိုတော့ UNHCR က ပေးချင်တယ်။ စစ်ကောင်စီက ပေးခွင့်မပြုဘူး။ မြို့ပေါ်မှာရှိတဲ့သူတွေတောင်မှ စစ်ကောင်စီက ပေးခွင့်မပြုဘူး အဲဒါတွေကို။ UNHCRက ပြန်သယ်သွားရင်လည်း မဖြစ်၊ ထားခဲ့ရင်လည်း ဟိုလူတွေ ယူမှာစိုးလို့ နောက်ကျရင် ကြည့်လုပ်ရမယ့် သဘောမျိုးနဲ့ သိမ်းထားခဲ့တဲ့ သဘောပါ။ အဲဒီဘုန်းကြီးကျောင်းမှာ ထားခဲ့တာပေါ့။ လောလောဆယ် UNHCR က လူတချို့ ပြန်ရောက်နေတယ်”
ဘာကြောင့် စစ်ဘေးဒုက္ခသည်တွေကို လွတ်လပ်စွာကူညီခွင့် မရတာလဲ၊ ဒီပစ္စည်းတွေနဲ့အတူ အခြားလိုအပ်တဲ့ အကူအညီတွေ ဆက်ပေးနိုင်ရေးအတွက် ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာတွေ အတိအကျ သိနိုင်ဖို့အတွက် ရန်ကုန်ရှိ UNHCR ရုံး ပြန်ကြားရေးအရာရှိ Reuben Wende ကို ဇူလိုင် ၂၃ ရက်နေ့က အီးမေလ်ကတဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ အာဏာပိုင်တွေရဲ့ ကန့်သတ်ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး အတိအကျ ပြန်လည် ဖြေကြားတာမျိုး မရှိပါဘူး။
UNHCR ဝန်ထမ်းတွေနဲ့ ယုံကြည်ရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ စားနပ်ရိက္ခာ မဟုတ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ဇူလိုင် ၂၀ ရက်ကနေ ၂၃ ရက်အထိ ဖြန့်ဝေပေးခဲ့ပြီး မင်းတပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတချို့ကို သွားရောက်ခွင့်ရခဲ့တယ်လို့သာ Reuben Wende က ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အခြေအနေတွေက ဆက်လက်ဖြစ်ပေါ် ပြောင်းလဲနေတာကြောင့် ချင်းပြည်နယ်မှာရှိတဲ့ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် UNHCR ရုံးဟာ မိတ်ဖက် အဖွဲ့ အစည်းတွေနဲ့ ပုံမှန်ဆက်သွယ်ဆောင်ရွက်ပြီး အကောင်းဆုံး နည်းလမ်းရှာနေပါတယ်၊ ချင်းပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်၊ ဒါမှသာ လူသားချင်း စာနာမှု အကူအညီပေးရေးအလုပ်မှာ နှောင့်ယှက်ဟန့်တားမှုတွေကို မမြင်ရမှာဖြစ်ပါတယ်” လို့ ရန်ကုန်ရှိ UNHCR ရုံး ပြန်ကြားရေးအရာရှိ Reuben Wende က အီးမေးလ်ကတဆင့် RFA ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
မင်းတပ်မြို့က မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ အခုလို အခက်အခဲဆုံး အချိန်မှာ UNHCR ရဲ့ အကူအညီတွေကို အမြန်ဆုံး ရရှိလိုကြောင်း RFA ကို ပြောပြကြပါတယ်။