တီးတိန်မြို့မှာ ကားတစ်စီးပေါ် မိုင်းပေါက်ကွဲပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး

RFA Burmese
2023.11.08
တီးတိန်မြို့မှာ ကားတစ်စီးပေါ်  မိုင်းပေါက်ကွဲပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး တီးတိန်မြို့ လွယ်ဘွားလ်ရပ်ကွက်တွင် မတော်တဆ မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအား ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လွယ်ဘွားလ် (Lawi Bual) ရပ်ကွက်၊ အထက (၂) လမ်းခွဲအနီးမှာ နိုဝင်ဘာ ၇ ရက် ညပိုင်းက ကားတစ်စီးပေါ်မှာ မိုင်းမတော်တဆပေါက်ကွဲခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအနားမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အနီးအနားက နေအိမ်ငါးလုံး အမိုးအကာ၊ တံခါးပေါက်နဲ့ ပြတင်းပေါက်မှန်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ပေါက်ကွဲသံကတော့ တော်တော်ကို ကျယ်ပါတယ်။ ကားကလည်း ရစရာမရှိအောင်ကို ပျက်စီးသွားတယ်။ ပေါက်ကွဲတဲ့နေရာနားမှာ အသားစတွေက ပြန့်ကျဲနေတာ။ အသားအပိုင်းအစတွေပေါ့။ အလောင်းတွေက ဘယ်သူ ဘယ်ဝါမှန်းတောင် သေချာ မသိနိုင်တော့ဘူး”

တီးတိန်မြို့ခြေစိုက် PDF Zoland အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သေဆုံးသွားသူတွေဟာ ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာ သေချာမသိရသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ တီးတိန် ဒေသကာကွယ်ရေး အဖွဲ့တွေတော့ မဟုတ်ပါဘူး။ သေဆုံးတာ နှစ်ဦးဖြစ်တယ်ဆိုတာတော့ အတည်ပြုလို့ရပါတယ်။ တချို့ ထိခိုက်ဒဏ်ရာ ရတယ်သူတွေလည်း ရှိတယ်”

ပေါက်ကွဲခဲ့တဲ့ ကားအမျိုးအစားဟာ တိုးရိုတာ Surf ကားအမျိုးစားဖြစ်ပြီး မိုင်းတွေ သယ်ဆောင်ရင်း ပေါက်ကွဲပျက်စီးခဲ့တာ ဖြစ်နိုင်တယ်လို့ PDF Zoland အဖွဲ့က ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ တီးတိန်မြို့ မိုင်းမတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ CNF တပ်ဖွဲ့ဝင်နှစ်ဦး ဖြစ်နိုင်တယ်လို့ ပြောပေမယ့် အသေးစိတ်သိရဖို့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။