ရှမ်းပြည်တောင်ပိုင်းမှာ မိုင်းပေါက်ကွဲ ကလေးငယ်နှစ်ဦးသေဆုံး


2015.11.17
sanlwin-police-620.jpg ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး ဦးစန်းလွင်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Khun Yazar/ RFA

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့အရှေ့မြောက်ဘက်က မတ်လန်းတံတားအနီးမှာ မနေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ကလေးနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လန်းတံတားအနီးမှာ သဲစုပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မိသားစုတစ်ခုက ကလေးတွေ ဟာ မိုင်းပါတဲ့ အထုပ်တစ်ထုပ်ကို ဆော့ကစားရင်း ပေါက်ကွဲသွားတာလို့ ရှမ်းပြည်နယ် ဒုတိယရဲမှူးကြီး ဦးစန်းလွင်က ပြောပါတယ်။

"လဲချားရဲ့အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာမှာ မတ်လန်းရွာဆိုတာရှိတယ်၊ မတ်လန်းတံတားရဲ့အောက်ဖက် ကိုက် ၂ဝဝ အကွာမှာ၊ ချောင်းသဲထုပ်တဲ့ အလုပ်လုပ်နေကြတဲ့ မိသားစု သူတို့တဲနဲ့ ကိုက် ၃ဝ အကွာမှာ၊ ချုံပုတ်နားမှာ ဆိုင်ကယ်ဘက်ထရီလိုမျိုးဟာကို တွေ့တယ်၊ တွေ့တာကို အကြီးမလေးက ဆွဲယူ လိုက်တယ်၊ အဲ့မှာပေါက်ကွဲပြီးတော့ အကြီးမလေးရယ်၊ နောက်အလတ်မရယ် နှစ်ယောက်ပွဲချင်းပြီးသေသွားတာပါ"

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ထားပြီးဖြစ်ပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာကို မသိရှိသေးကြောင်း ဒုတိယရဲမှူး ဦးစန်းလွင်က ပြော ပါတယ်။

အဲဒီတံတားဟာ တောင်ကြီး-လဲချား၊ မိုင်းနောင်-မိုင်းရှူး လမ်းပေါ်မှာရှိတာဖြစ်တယ်လို့ သိရပါတယ်။မိုင်းရှူး၊ မိုင်းနောင် နဲ့ ကျေးသီးမြို့နယ်တွေမှာလည်း ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေ ပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။