ဖားကန့်မြို့နယ်မှာ နင်းမိုင်းကြောင့် အမျိုးသမီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.01.13
ဖားကန့်မြို့နယ်မှာ နင်းမိုင်းကြောင့် အမျိုးသမီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှာဒူဇွပ်ရွာအနီး လီဒိုလမ်းမတစ်နေရာကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှာဒူဇွပ်ရွာက ဒေသခံသုံးဦးဟာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ရွှေမှော်သွားတဲ့လမ်းမှာ မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကျန်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် မခေါန်နန်ဖြစ်ပြီး သူနဲ့အတူပါလာတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကတော့ လက်မောင်း၊ ခေါင်း၊ ပေါင်နဲ့ ဝမ်းဗိုက်တွေမှာ မိုင်းစထိမှန်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။

"မနက်ပိုင်းမှာ ဝုန်းဆို ပေါက်ကွဲတာပဲ။ ပေါက်တဲ့နေရာနဲ့ နီးတဲ့သူက ဒဏ်ရာပြင်းထန် သွားတာပေါ့။ ရွှေမှော်တွေကို မသွားနဲ့လို့ ပြောလို့မရဘူးလေ။ ဒေသခံတွေက စီးပွားရေး အဆင်မှမပြေတာ။ အခုလိုမိုင်းတွေ ထောင်တာ ဒေသခံပဲ ခံရတယ်"

ရှာဒူစွပ်ရွာ ပတ်ပတ်လည်မှာ ရွှေမှော်လုပ်ကွက်တွေရှိနေပြီး အဲဒီလုပ်ကွက်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းထဲက ဒေသခံတွေသွားလာခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခု ပေါက်ကွဲတဲ့မိုင်းဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

လီဒိုလမ်းမဘေးမှာရှိတဲ့ ရှာဒူဇွပ်ရွာမှာ အိမ်ခြေ ၂၀၀ နီးပါး၊ လူဦးရေ ၆၀၀ ကျော် နေထိုင်ပြီး အများစုက ရွှေမှော်ကျင်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ။

စစ်ရေးအရ ထိန်းချုပ်မှုတွေလုပ်ဖို့ဆိုရင် ဒေသခံတွေ နေ့စဉ်အသုံးပြုနေရတဲ့ လမ်းမတွေနဲ့ ကျေးရွာတွေအနီးမှာ မိုင်းထောင်တာမျိုး ဘယ်အဖွဲ့အစည်းကမှ မလုပ်စေချင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲ လက်ကျန်လက်နက်တွေကို ဆော့ကစားမိရာကနေ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။