မိုင်းရှူးမြို့မှာ ဗုံးကွဲ၊ ၄ ဦး ဒဏ်ရာရ


2015.10.22

ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့ပေါ်က ရပ်ကွက် ၄ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမအနီးမှာ မိုင်းဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် ကိုရင်နှစ်ပါး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

မနေ့ ညနေ ၄ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းထောင်ထားခဲ့တဲ့ တရားခံတွေကို စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စန်းလွင်က ပြောပါတယ်။

"ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ စုံစမ်းဆဲပဲရှိသေးတယ်ခင်ဗျ၊ ထောင်သွားတာကို မြင်တွေ့တဲ့လူကမရှိ၊ မိုင်းအမျိုးအစားကို တပ်ကနေ အတည်ပြုချက်ယူပြီးတော့ စုံစမ်းဖို့လုပ်ရမှာဖြစ်တဲ့အတွက် ခုအချိန်အထိ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ ဖော်ထုတ်လို့မရသေးပါဘူး"

ဗုံးကွဲမှုကြောင့် အသက် ၇၀ ကျော် အဖွားအိုတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ကိုရင်နှစ်ပါးတို့ မိုင်းစထိမှန်ပြီး မိုင်းရှူးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ အဖွားအိုနဲ့ မိန်းကလေးငယ်တို့ဟာ စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် ခိုလန်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မိုင်းရှူးဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းကောင်ခမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/ SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မိုင်းရှူးဒေသတိုက်ပွဲ အခြေအနေတွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။