မင်္ဂလာဒုံက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ ပြော

RFA Burmese
2024.04.08
မင်္ဂလာဒုံက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ ပြော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်းအနီးက စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်နေရာကို ဧပြီလ ၆ ရက်နေ့ ညပိုင်းမှာ အဆင့်မြင့်တာဝေးပစ် လျှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးတပ်ဖွဲ့ (Urban Special Force) ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

စစ်ရေးအရ အရေးကြီးပစ်မှတ်ဖြစ်တာကြောင့် တိုက်ခိုက်ရတာလို့ Urban Special Force ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

"နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေဆီက သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို အဲဒီ ထောက်လှန်းရေးရုံးချုပ်မှာ ထားတယ်။ ပြီးတော့ စစ်ကောင်စီတပ် အမည်ပေါက်နဲ့ ပြန်လည်ရောင်းချတယ်။ ဒါကြောင့် စစ်ရေးပစ်မှတ်တစ်ခုအနေထားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ"

အခုတိုက်ခိုက်ခံရတဲ့ နေရာအနီးမှာနေထိုင်တဲ့ မြောက်ဥက္ကလာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာမှန်ကန်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။

“၆ ရက်နေ့ ညက တိုက်ခိုက်ခံလိုက်ရတာပါ။ စစ်ကောင်စီဘက်က ဒီသတင်းကိုဖုံးထားတယ်။ အဲဒီနေ့ညကတည်းက နောက်နေ့အထိ အဲဒီနားကလမ်းတွေအားလုံးပိတ်ပြီး စစ်ဆေးနေတယ်။ အောင်မင်္ဂလာအဝေးပြေး အဝင်ထွက်လမ်းတွေ၊ ရေဝေးသုဿာန် အဝင်ထွက်လာမ်းတွေ ပိတ်ပြီးစစ်ဆေးခဲ့တာလေ"

တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအတွေကိုတော့ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၈ ရက်နေ့ကတော့ Urban Special Force အဖွဲ့ကပဲ အင်းစိန်မြို့နယ်က လေတပ်ဝန်ထမ်းအိမ်ရာဝင်းကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လကုန်ပိုင်းကစလို့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီတပ်ကလည်း လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။