ဒေါ်ဖြူဖြူသင်းကို အစားထိုးပေးဖို့ NLD ပါတီဝင်အချို့ တောင်းဆိုမည်
2015.08.03

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းကို NLD မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်တချို့က ကန့်ကွက်လိုက်ပြီး နောက်ထပ် ကိုယ်စားလှယ်လောင်းတစ်ဦးနဲ့ အစားထိုးရွေးချယ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ကန့်ကွက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)ထံ သတ်မှတ်ပေးထားတဲ့ ၅ ရက်အတွင်း ပေးပို့သွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်နိုင်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ဦးဋ္ဌေးမြင့် က ပြောပါတယ်။
"အပေါ်ကချပေးထားတဲ့ မူဝါဒရွေးချယ်မှုပုံစံကို ကျနောတို့မကျေနပ်လို့ ကန့်ကွက်တာမဟုတ်ပါဘူး၊ ကျနော်တို့ဖြစ်စေချင်တဲ့ပုံစံ ဒီကိုယ်စားလှယ်တွေ ကျနော်တို့မှာ ၃ နှစ်ရခဲ့ပါပြီ၊ နောက် ၅ နှစ်အတွက် အာမခံရမှာဖြစ်ပါတယ်၊ ခုနကပြောခဲ့သလိုပဲ အသံဗလံတွေကြောင့် နောင် ၅ နှစ်အတွက်ကို ၁ဝဝ ရာခိုင်နှုန်း မဲအပြည့်မရမှာ စိုးရိမ်ပါတယ်၊ ဒါကြောင့်မို့ ကိုယ်စားလှယ်လဲပေးဖို့ တောင်းဆိုပါတယ်၊ ပြောမယ်ဆိုရင် ကန့်ကွက်လို့ရတယ်ဆိုပြီး သူတို့ကပြောဆိုတာပါ ကျနော်တို့က အမှန်တော့ လဲလှယ်ပေးဖို့ တောင်းဆိုတာပါ"
မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့နဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး အပါအဝင် ၃ ဦးကို ရွေးချယ်ခဲ့ပေမယ့် ဗဟိုက ဆုံးဖြတ်လိုက်တဲ့စာရင်းမှာ သူတို့ပေးတဲ့တစ်ဦးမှ ရွေးချယ်မခံခဲ့ ရဘူးလို့ ပြောပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသူတစ်ဦးဖြစ်ပေမယ့် ဒီသုံးနှစ်အတွင်း မြို့နယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုတွေရှိတဲ့အတွက် ကန့်ကွက်ကြတာလို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ပြီးခဲ့တဲ့သြဂုတ်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီ့ကိုယ်စာလှယ်လောင်းတွေကို ကန့်ကွက်လိုပါက ငါးရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ ကြေညာထားပါတယ်။