မင်းကင်း ပိက္ခရားရွာ ဗုံးကြဲခံရပြီး ကလေးသုံးဦးအပါအဝင် ဒေသခံခုနစ်ဦး သေဆုံး
2023.05.05
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ အနောက်ဘက် ၁၀ မိုင်အကွာက ပိက္ခရားရွာမှာ မေ ၄ ရက် မနေ့က စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်သုံးဦးအပါအဝင် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၃ နှစ်အရွယ် ကလေးနှစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၄၅ နှစ်ကနေ ၆၀ နှစ်ကြားရှိတဲ့ အမျိုးသမီး သုံးဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၄ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဒီရွာကို တိုက်ပွဲမရှိဘဲ ဂျက်တိုက်လေယာဉ် တစ်စင်းနဲ့ ဗုံးကြဲသွား ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းဒေသခံက ပြောပါတယ်။
"လက်ရှိအချိန်အထိကတော့ သေဆုံးပြည်သူက ခုနစ်ဦးအထိ ရှိသွားပါပြီ။ ဒဏ်ရာ ရတာတော့ ပြည်သူ ရှစ်ဦးရှိပါပြီ။ သေသွားတဲ့သူတွေက နှစ်နှစ်ကျော်၊ သုံးနှစ်အရွယ် ကလေးတွေလည်း ပါတယ်ခင်ဗျ။ တိုက်ပွဲ ထိတွေ့မှုလည်း မရှိဘဲနဲ့ ဒီအတိုင်းပဲရွာကို လာကြဲသွားတယ်ခင်ဗျ"
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်ကနေ ပေါင် (၅၀၀) ဗုံးအပါအဝင် ဒုံးလက်နက် ၁၀ လုံးဝန်းကျင်နဲ့ ရွာကို ပစ်ခတ်သွားတယ်လို့ မင်းကင်းဒေသခံက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ညနေအထိ တစ်စုံတစ်ရာ ထုတ်ပြန် တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ထိခိုက်အောင် မလုပ်ဘူးလို့ ယခင်က ပြောဆိုထားပါတယ်။
ပိက္ခရားရွာဟာ မုံရွာ-ကလေးဝ ကားလမ်းနံဘေးမှာတည်ရှိပြီး အခြေခံပညာ စာသင် ကျောင်း အပါအဝင် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ ရွာဖြစ်ပါတယ်။
စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာခံရပြီးနောက်မှာ ရွာထဲမှာရှိတဲ့ အိမ် ၂၄ လုံး ဝန်းကျင် ထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံ ၆၀၀ ဝန်းကျင်ဟာ ရွာမှာနေဖို့ အန္တရာယ်များတဲ့ အတွက် ဘေးလွတ်ရာ ဒေသတွေဆီ တိမ်းရှောင်နေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးတို့မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၆၂ ကြိမ် ကျော် လုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေး အင်စတီကျု (ISP-Myanmar) က စာရင်းတွေမှာ ဖော်ပြထားပါတယ်။