ရှားတောမဲဆန္ဒနယ်မှာ တိုးတက်အောင်လုပ်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်း ပြောကြား


2015.09.15
aungmin-usdp-candidate-620.jpg သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ တွေ့ရစဉ်
Photo: Khin Maung Soe/RFA

တိုက်ပွဲတွေကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ကယားပြည်နယ် ရှားတောမြို့နယ်မှာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ချင်တာကြောင့် ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရှားတောမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ RFA က ဒီကနေ့ သီးသန့်မေးမြန်းရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

"ရှားတောဟာ လွိုင်ကော်ရဲ့ အရှေ့တည့်တည့်မှာရှိတယ်၊ ရှားတောဟာ ခရီးဆုံးမြို့လေးတစ်မြို့ဖြစ်တာပေါ့၊ စီးပွားရေး လူမှုရေး အရာရာနောက်ကျတယ်၊ ဒီလိုဖြစ်တဲ့မြို့လေးကို ဒီ့ထက်ဖွံ့ဖြိုးတိုးတက်အောင် ကျနော်လုပ်ပေး ချင်တဲ့ဆန္ဒရှိတယ်၊ နောက်တစ်ခုက ကယားပြည်နယ်ကနေ မငြိမ်းချမ်းလို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့လူတွေ ဟာ အဲ့ရှားတောမြို့နယ်ရဲ့ အရှေ့ဘက်တစ်ဘက်နိုင်ငံက ဒုက္ခသည်စခန်းမှာ သွားနေကြတယ်၊ နောက်တစ်ချိန် မှာ ငြိမ်းချမ်းရင် ပြန်လာကြမယ့်လူတွေအတွက်ပါ ကျနော်ကကြိုတင်ပြီး မျှော်တွေးထားပါတယ်၊ ရှားတော်မြို့နယ် ဟာ နောက်ပိုင်းကာလတွေမှာ စည်စည်ကားကား ဖြစ်လာနိုင်တယ်၊ ဒါတွေအားလုံးဟာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ဒီနေရာမှာ ထိထိရောက်ရောက်လုပ်ပေးနိုင်မယ်လို့တွက်ပါတယ်၊ ဒါကြောင့် ရှားတောမြို့နယ်ကို ရွေးရခြင်းဖြစ်ပါတယ်"

ဒါ့အပြင် သူဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေတာကြောင့် ပထမဦးစားပေး ဟာ ငြိမ်းချမ်းရေးရရေးဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ မနိုင်ခဲ့ရင်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးစား သွားမှာဖြစ်ကြောင်း ပြောပါတယ်။သမ္မတရုံးဝန်ကြီး ဦးအောင်မင်ဟာ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ ကနေ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ နောက်ထပ်သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်တဲ့ ဦးစိုးသိမ်းကတော့ တစ်သီးပုဂ္ဂလအနေနဲ့ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ဘောလခဲမြို့နယ်အတွင်းက ရပ်ကွက် ၂ ခုနဲ့ ကျေးရွာ ၄ခု ပါဝင်ပါတယ်။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။