ရန်ကုန်မြို့ကို မြို့ပြစီမံကိန်း နဲ့ ပြောင်းလဲမည်


2016.04.11
phyominthein-620.jpg ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ခုံးကျော်တံတားတွေ တည်ဆောက်ရုံနဲ့ မဖြေရှင်းနိုင်သလို ဆက်စပ်နေတဲ့ ပြဿနာအားလုံးကို တပြိုင်နက်တည်း စီမံခန့်ခွဲဖြေရှင်းနိုင်မယ့် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲပြီး လက်ရှိအစိုးရသက်တမ်းအတွင်း ပြန်လည်တည်ဆောက်သွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ရန်ကုန်မြို့အလုံလမ်းမှာရှိတဲ့ ဝန်ကြီးချုပ်ရဲ့နေအိမ်မှာ RFA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရန်ကုန်မြို့ပြစီမံကိန်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောပါတယ်။

"လူဦးရေက များလာတယ်၊ ဈေးက နဂိုရှိနေခဲ့တဲ့ဈေးပဲ၊ အဲ့တော့ဘယ်လိုဖြစ်သလဲဆိုတော့ လမ်းပေါ် မှာ ဈေးတွေဖြစ်လာတယ်၊ နောက်ပြီး အထပ်မြင့်တွေဆောက်လာတယ်၊ လမ်းမဘေးမှာ ကားတွေရပ်တယ် ဆိုတဲ့ဟာက အလေ့အထအစဉ်အလာလိုဖြစ်နေတယ်၊ လုံးဝမရွေ့တဲ့ကားတွေ လမ်းမပေါ်မှာရပ်ထားတာ အများကြီးရှိတယ်၊ အဲ့လိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် အခြေအနေရှိပါတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး စနစ်တကျ Master Plan တစ်ခုဆွဲပြီး ကျနော်တို့ပြင်ပါမယ်"

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၁၆-၂၀၁၇ အသုံးစရိတ်ဘဏ္ဍာငွေဟာ ကျပ်ဘီလီယံ ၃၃၀ ကျော်ရှိပြီး အများဆုံးက စည်ပင်သာယာရေးဝန်ကြီးဌာန အတွက်ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တဖက်ကမ်း ဆိပ်ကြီး ခနောင်တိုဘက်က မြို့သစ်စီမံကိန်းဟာ အရင်အစိုးရလက်ထက်ကတည်းက ဆုံးဖြတ် ထားတဲ့ ဂျပန်ဖံ့ွဖြိုးရေးအစီအစဉ် JICA နဲ့ ပူးတွဲအကောင်အထည်ဖော်မယ့် ရန်ကုန်မြို့တိုးချဲ့ရေးစီမံကိန်းထဲက ဒုတိယ အဆင့် စီမံကိန်းဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းတွေ အကောင်အထည်ဖော်မယ့်နေ ရာတွေမှာ ငွေကြေးရှိသူတွေ က မြေဈေးကစားနေတာကို သိရှိရသလို ရေရှည်မှာ ပိုဆိုးလာမှာကိုလည်း စိုးရိမ်တဲ့အတွက် ထိန်းချုပ်နိုင်အောင် ကြိုးပမ်းသွားမယ် လို့ ပြောပါတယ်။

ရန်ကုန်သြင်္ကန်မှာ မဏ္ဍပ်တွေကို အမှီပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ ဖြစ်မလာအောင် ထိန်းချုပ်သွားမှာဖြစ်သလို စီးပွားဖြစ်မဏ္ဍပ်တွေကိုသာ ခွင့်ပြုမိန့် ပိတ်ပင်ခဲ့တာဖြစ်ကြောင်းနဲ့ မဏ္ဍပ်အရေအတွက်က ၁၇ ခုတောင်မရှိကြောင်း အစိုးရအနေနဲ့ ရန်ကုန်မြို့ထဲမှာတင် သြင်္ကန်မဏ္ဍပ်တွေ စုပြုံနေတာမျိုး မဖြစ်အောင် ခရိုင်အဆင့်တွေမှာလည်း ရေကစားမဏ္ဍပ်တွေ များလာအောင် ဆောင်ရွက်ပေးထား ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။