အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ဝန်ကြီး ၃ ဦး ဆွေးနွေး ညှိနှိုင်း


2013.02.23
minister-meeting-305 ပြည်ထောင်စုဝန်ကြီး ၃ ဦးနဲ့ အလုပ်သမား၊ လယ်သမားအဖွဲ့အစည်းများ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo : RFA/ Thiha Tun

အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ ပူးပေါင်းလုပ်ဆောင်မှသာ လက်ရှိဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အလုပ်သမား၊ လယ်သမားသမဂ္ဂအဖွဲ့အစည်းတွေနဲ့   ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီတို့  ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ Myanmar Peace Center မှာ တွေ့ဆုံခဲ့ကြပြီး အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဦးစိုးသိန်းက အခုလို ပြောခဲ့တာပါ။

" အလုပ်ရှင်ရယ်၊ အလုပ်သမားတွေရယ်၊ အစိုးရရယ် ပူးပေါင်းဆောင်ရွက်မှ ကြီးမားတဲ့ အလုပ်သမားပြဿနာတွေက ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ကယူဆတယ်၊ လက်ရှိမှာ အလုပ်သမားသမဂ္ဂရယ်၊ လယ်ယာသမဂ္ဂရယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရယ် ဒါတွေနဲ့ ပေါင်းပြီး လယ်ယာပြဿနာတွေကို ဖြေရှင်းရမှာ၊ နားထောင်ရမယ်၊ ရိုးသားရမယ်၊ တစ်ထိုင်ထဲနဲ့ ဖြေရှင်းလို့တော့မရဘူး၊ သို့သော်လည်း မတွေ့တုံးကထက်စာရင်တော့ အများကြီးကောင်းတာပေါ့"

ဒီဆွေးနွေးပွဲကို မြန်မာတစ်နိုင်ငံလုံးက မှတ်ပုံတင်ထားကြတဲ့ အလုပ်သမား၊ လယ်သမားသမဂ္ဂ အဖွဲ့အစည်းပေါင်း ၄၈ ဖွဲ့က ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။

သမဂ္ဂအဖွဲ့ဝင်တွေက လက်ရှိဖြစ်ပွားနေတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေ၊ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွား ပြဿနာတွေကို တင်ပြဆွေးနွေးခဲ့ကြပြီး အဖြေရှာလို့ရနိုင်တဲ့အထိ လုပ်ဆောင် ပေးသွားမယ်လို့ ဦးစိုးသိန်းက ကတိပေး ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။