ထွေအုပ်ကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ပြန်ပြောင်း

2021.10.12
ထွေအုပ်ကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ပြန်ပြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ၂၀၂၀ စက်တင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန အောက်ကိုပြောင်းလဲခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ထံ ပြန်လည်ထည့်သွင်းလိုက်ကြောင်း အောက်တိုဘာလ ၁၁ ရက် မနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာမည်နဲ့ မနေ့က ထုတ်ပြန်တဲ့ စကားရပ်များပြောင်းလဲ သတ်မှတ်တဲ့ဥပဒေမှာ (ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) အစား (ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) လို့ ပြောင်းလဲကြောင်း ပါရှိပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ သက်ဆိုင်တဲ့ တည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေအားလုံးအပြင် စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြေညာစာနဲ့ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေ အားလုံးမှာ ပြည်ထဲရေးဝန်ကြီးဌာနလို့ ပြင်ဆင်ရမယ်လို့လည်း ပါရှိပါတယ်။

ထွေအုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ခေါင်းဆောင်တစ်ဦး ဦးဆောင်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနအောက် မှာ ရှိခဲ့ပေမယ့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ အရပ်သားဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အောက်ကို ပြောင်းလဲထည့်သွင်းထားခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။