သိမ်းဆည်းလယ်ယာမြေ တချို့ ပြန်ပေးမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြော
2013.09.28

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေအတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက လယ်မြေဧက ၂ဝဝ ကျော်ကို နေပြည်တော်ကောင်စီက တစ်ဆင့် တောင်သူတွေဆီ ပြန်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
နေပြည်တော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးရဲထွဋ်က ပြောခဲ့တာပါ။
“ကျနော်တို့ သိမ်းတဲ့ဟာ သစ်တောမြေ၊ မြေလွတ်မြေရိုင်းတွေပေါ့၊ အဲဒီမှာ တချို့နေရာတွေဆိုလို့ရှိရင် ၉၅၊ ၉၆ လောက်ကတည်းက အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးက ပြန်သိမ်းပြီးတော့မှ ယူကလစ်ပင်တွေ စိုက်ထားတာ၊ သို့သော် ဒီဘက်ခေတ် အစိုးရအသစ်လက်ထက် ရောက်လာခဲ့အခါကျတော့ ပြည်သူတွေက သူတို့နစ်နာပါတယ် ဆိုပြီးတော့တောင်းတယ်၊ ဟိုတုန်းက ကျနော်တို့က နောင်မှာအနာဂါတ်ကို မျှော်မှန်းပြီးတော့ မြေကိုနည်းနည်း ပိုယူထားခဲ့တာရှိတယ်၊ အဲတော့ အခုကျနော်တို့က လာမယ့် ၅ နှစ်အတွက် လွှတ်တော်ကိုတင်ထားတဲ့ စီမံကိန်းတွေရှိတယ်၊ အဲဒီစီမံကိန်းအရ ဒီစက်ရုံဟာ ဘယ်လောက်အထိ ထပ်ချဲ့ဖို့လိုမလဲ၊ အဲဒါကိုတွက်လိုက်တဲ့အခါကျတော့ နောက်ဆုံးမှန်းလိုက်တာတော့ ဧက ၂ဝဝ နီးပါးတော့ ပြန်အပ်နှံလို့ရတယ်၊ ဒါကိုတော့ နေပြည်တော်ကောင်စီကတဆင့် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအနဲ့အညီ ပြန်အပ်ဖို့လုပ်နေတယ်”
အစိုးရပိုင် သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေအတွက်ဆိုပြီး နေပြည်တော်၊ ပုပ္ဗသီရီမြို့နယ် ဝဲကြီးကျေးရွာနားက လယ်မြေဧက ၅ဝဝ ကျော်ကို ပြီးခဲ့တဲ့၂ဝဝ၈၊ ၂ဝဝ၉ လောက်က အစိုးရက သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။ အဲဒီလိုသိမ်းဆည်းထားတဲ့ လယ်မြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ရွာသား ၆ ယောက်ကို အစိုးရက တရားစွဲဆိုထားပါတယ်။
ြပီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က အဲ့ဒီတရားစွဲဆိုခံထားရတဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က ဝဲကြီးရွာမှာ ဝင်ရောက်ဖမ်းဆီးရာကနေ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခတွေ
ဖြစ်ပွားခဲ့ပါတယ်။