၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား အစိုးရဝန်ကြီးများ တက်ရောက်
2013.08.07

ရန်ကုန်မြို့မှာ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ဒုတိယနေ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ငွေကျပ် ၁၅ သိန်း လှူဒါန်းလိုက်ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီးဦးအောင်မင်း ဟာ ရှစ်လေးလုံးငွေရတု အခမ်းအနားကို အသိအမှတ်ပြုအားပေးဖို့ တက်ရောက်တာဖြစ်တယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက RFA ကို ပြောပါတယ်။
"ဝန်ကြီးဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စ တာဝန်ယူတဲ့ လူကြီးတစ်ယောက်အနေနဲ့ ဒီပွဲကိုအသိအမှတ်ပြုပြီး လာအားပေးတာပါ ၊ နောက်သူတို့လှူတဲ့အလှူငွေကိုလည်း ဒီမှာရှိတဲ့ကောင်မတီမှာ ပေးခဲ့ပါတယ်"
ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေအတွက် ဝန်ကြီးဦးအောင်မင်းက ငွေကျပ်ဆယ်သိန်းနဲ့ ဝန်ကြီး ဦးအုန်းမြင့်က ငါးသိန်းစီ ပေးအပ်လှူဒါန်းခဲ့တာပါ။
ငွေရတုအခမ်းအနား ဒုတိယနေ့မှာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် ခေါင်းစဉ်အသီးသီးနဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာလည်း ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အနာဂတ်ပြည်ထောင်စုအရေးကိစ္စတွေမှာ ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းဟာ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သတင်းဓာတ်ပုံ၊ ဗီဒီယိုပြခန်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပြခန်းကိုလည်း လိုက်လံကြည့်ရှုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းစကားတွေ ရေးသားတဲ့နေရာမှာ အောင်မြင်ကြပါစေလို့ ဝန်ကြီးဦးအောင်မင်းက ရေးသားလက်မှတ်ထိုးပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကလည်း မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့က ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ဒုတိယနေ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး အလှူငွေပေးအပ်ခဲ့ပြီး ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ခဲ့ပါတယ်။
RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနား တက်ရောက်နေတဲ့ ၈ လေးလုံးအရေးတော်ပုံ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမိုးသီးဇွန်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။