မင်းကင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၃ ဦးအထိရှိလာ
2024.06.08

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီ တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေထဲက သေဆုံးသူတွေ ရှိလာတာကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၃၃ ဦးရှိလာပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဇွန်လ ၃ ရက်နေ့က အဲဒီရွာမှာ မင်္ဂလာဆောင်အခမ်းအနားလုပ်နေချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပွဲတက်လာသူ ၂၈ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ခုနစ်ဆယ်ခန့် ဒဏ်ရာရခဲ့တာပါ။
ဆေးဝါးမလုံလောက်မှုကြောင့် ဒဏ်ရာရသူတွေထဲကနေ သေဆုံးသူတွေရှိလာတာလို့ မင်းကင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကတော့ ဆေးဝါး မလုံလောက်တာကြောင့်ပေါ့။ ဆေးဝါးမလုံလောက်တော့ ဆေးကုသဖို့ တခြား နေရာဘက်ကို ပြောင်းရွှေ့ချိန် လမ်းမှာဆုံးသွားတဲ့သူတွေလည်း ပါတယ်။ တချို့ ဒဏ်ရာမပြင်းထန်တဲ့ သူတွေကိုကျ ဒီမှာရှိတဲ့ဆေးလေးတွေ ကုထားပေးလို့ ရသေးတယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်တဲ့ သူတွေကတော့ ဆေးဝါးရှိတဲ့နေရာကို ပို့ရတာပေါ့”
ဒဏ်ရာပြင်းထန်သူတွေကို ဆေးကုသဖို့ပို့ဆောင်ရင်း လမ်းမှာ ငါးဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၃၃ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၆၄ ဦး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲက သက်သာလာသူတွေရှိပေမဲ့ တချို့ကတော့ စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့ မင်းကင်း လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တရားမျှတမှုရအောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၄ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပျဉ်းကိုင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပြီး သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။