မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကလေးစစ်ကြောရေးမှာ သေဆုံး

2021.08.04
မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကလေးစစ်ကြောရေးမှာ သေဆုံး မင်းကင်း pdf တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာမှာ ဇူလိုင် ၂၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF ၅၃ ယောက်ထဲက တစ်ယောက်ဟာ ကလေးမြို့၊ စစ်ကြောရေးစခန်းမှာ သြဂုတ် ၃ ရက် မနေ့က သေဆုံးသွားတယ်လို့ မင်းကင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၃၅ နှစ် အရွယ် ကိုမျိုးချစ် ဆိုသူဖြစ်ပြီး သူ့မိသားစုကို ကလေးမြို့ ရဲစခန်းက ဒီကနေ့ ဆက်သွယ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“မိသားစုဝင်တွေကို လှမ်းပြောတယ်။ အလောင်းလာယူချင် လာယူဖို့ပေါ့၊ ဒါပေမဲ့ လုံခြုံရေးအရ သွားမယူတော့ပါဘူး။ ဆန္ဒပြလို့ဖမ်းမိလို့ အလောင်းသွားယူရတာမှ မဟုတ်တာ။ ဘာကြောင့်သေဆုံးတယ် ဆိုတာတော့ မသိရဘူး။ သူတို့ဆီရောက်သွားမှာတော့ အစာငတ်ထားပြီး နှိပ်စက်လို့ ဆုံးရတာပဲဖြစ်မှာပါ၊ အခုအခြေနေမှာတော့ ကျန်တဲ့သူတွေအတွက်လည်း စိုးရိမ်နေပါတယ်”

ဖမ်းဆီးခံလိုက်ရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၉ ရက်နေ့မှာ ချင်းတွင်းမြစ်ကနေ အမြန်ရေယာဉ်နဲ့ ကလေးမြို့ကို ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး အဲဒီနေ့ကစပြီး ဘာသတင်းအချက်လက်မှ မရတော့ဘူးလို့လည်း ဆိုပါတယ်။

မင်းကင်းမြို့နယ်ထဲက ပန်းဆက်ရွာနဲ့ တောင်ဖြူရွာတို့ဟာ စစ်ကောင်စီကို သတင်းပေးသူတွေနဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေ အများစုရှိတဲ့ရွာတွေဖြစ်လို့ PDF တပ်ဖွဲ့ဝင်တွေက စစ်သားတွေမရှိတဲ့အချိန် တိုက်ခိုက်ဖို့ သွားရာမှာ တောင်ဖြူရွာက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ညှိနှိုင်းမယ်ဆိုပြီး ပြောဆိုခဲ့လို့ ရွာထဲကို လိုက်သွားချိန် အဖမ်းခံခဲ့ရတာလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီနေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ ဦး ဖမ်းခံခဲ့ရတာကို စစ်ကောင်စီက လေးယောက်ကို သတ်ပစ်လိုက်ကြ ပါတယ်။ သတင်းထုတ်ပြန်ရာမှာတော့ ၅၃ ယောက် အရှင်ဖမ်းမိခဲ့တယ်ဆိုပြီး လိမ်ညာထုတ်ပြန်ခဲ့တယ် လို့လည်း PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးစခန်းအတွင်းမှာ သေဆုံးရသူတွေဟာ RFA က ပြုစုထားတဲ့စားရင်းတွေအရ ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့အထိဆို ၃၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။