မင်းကင်းဆိပ်ကမ်းမှာ စစ်သားက သေနတ်နဲ့ပစ်လိုက်လို့ နှစ်ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့က ဆိပ်ကမ်းမှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့က ကျွန်းတော်အနောက်ရွာက ဦးဇော်မျိုးမြင့် ဆိုသူကို စစ်သားတစ်ယောက်က သေနတ်နဲ့ အနီးကပ်ပစ်လိုက်ရာ ဦးခေါင်းပွင့်ထွက်သွားပြီး အနားက တစ်ယောက်ကိုပါ ကျည်ဆန်ထိမှန်ခဲ့လို့ နှစ်ယောက်လုံး သေသွားတယ်လို့ မင်းကင်း ဒေသခံတွေက ပြောပါတယ်။
မင်းကင်းဆိပ်ကမ်းမှာ ဒီကနေ့ နေ့လယ် ၂ နာရီလောက်က အခုလိုဖြစ်သွားလို့ အဲဒီနားကို ဘယ်သူမှ ကပ်လို့မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။
"မင်းကင်းဆိပ်ကမ်းမှာ မုံရွာကနေ အမြန်ယာဉ် ဆိုက်လာလို့ သူ့မိတ်ဆွေ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို အမြန်ယာဉ်နဲ့ အထက်ပိုင်းကိုထည့်ဖို့ သွားတာ။ ဆိပ်ကမ်းမှာ နှာခေါင်းစည်းချွတ်ပြီး ကွမ်းဝါးနေတဲ့အချိန် အရက်မူးနေတဲ့ စစ်သားနှစ်ယောက် ရောက်လာပြီး နှာခေါင်းစည်းတပ်ဖို့ ပြောတယ်။ သူက ကွမ်းဝါးနေလို့ပါပြောပြီး တပ်လိုက်တာကို စစ်သားတွေက ရိုက်တယ်။ နောက်တော့ ခေါင်းကိုတေ့ပြီး ပစ်လိုက်တာ ပွင့်ထွက်သွားပြီး သူ့နောက်မှာရှိတဲ့ နောက်တစ်ယောက်ပါ ထိသွားတယ်။ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးလည်း လဲကျသွားတယ်။ သေသွားတာကတော့ နှစ်ယောက်ပဲ၊ အခု ဘယ်သူမှ အနားကပ်လို့မရဘူး"
လတ်တလောမှာတော့ လက်နက်ကိုင်စစ်သားတွေ စောင့်နေကြလို့ သေဆုံးသူ နောက်တစ်ယောက်က ဘယ်သူဖြစ်တယ်ဆိုတာနဲ့ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါ တယ်။
စစ်အာဏာရှင်ကို မလိုလားတဲ့ မင်းကင်းမြို့က ဒေသခံတွေဟာ တူမီးသေနတ်တွေသုံးကာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အနေနဲ့ စစ်ကောင်စီကို အပြင်းအထန် ခုခံကာကွယ်တဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း PDF ၅၇ ယောက်ဟာ စစ်ကောင်စီသတင်းပေးတွေဖြစ်တဲ့ ပျူစောထီး အဖွဲ့တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။