မင်းကင်း မုတ်သာနဲ့ မောက်တက်ရွာက အိမ် ၂၇၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မုတ်သာကျေးရွာက လူနေအိမ် ၁၇၀ နဲ့ မောက်တက် ကျေးရွာက လူနေအိမ် ၁၀၀ ကျော် မနေ့က ညပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ မီးရှို့ခံခဲ့ရပြီး အနည်းဆုံး လူလေးယောက် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မှာ ပြောပါတယ်။
မင်းကင်းမြို့နယ်၊ မောက္ကတော ချောင်းရိုးဒေသထဲက ပန်းဆက်၊ တောင်ဖြူနဲ့ ဆလယ်ကင်း ရွာတွေမှာ အခြေစိုက်ထားတဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဒီနေ့ မနက် ၅ နာရီလောက်မှာ မောက် ကျေးရွာကိုဝင်ရောက် စီးနင်းခဲ့တာလို့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေချာတာ တစ်ခုကတော့ အုတ်တိုက်နဲ့ ဆောက်ထားတဲ့ အိမ်လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန် လောင်တယ်။ မောက်တက်မှာက အိမ်ခြေ ၁၀၀ ကျော် ရှိတယ်။ တစ်ရွာလုံး လောင်တာပေါ့။ မုတ်သာရော ပေါင်းရင် အိမ်ခြေ ၃၀၀ နီးပါး ပါသွားတယ်။ ရွာသား လေးယောက် အဖမ်းခံရတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ စစ်တပ်ဘက် အင်အား ၈၀ လောက် ပါတယ်”
ဖမ်းဆီးခံရတဲ့ လူလေးယောက်ဟာ စစ်သားတွေ ဝင်လာရင် သိအောင် ချထားတဲ့ ရွာကင်းသမားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် မနေ့ကတော့ မုတ်သာ ကျေးရွာနဲ့ ကပ်နေတဲ့ ဆလယ်ဖျင်းရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညဘက်မှာတော့ မုတ်သာကျေးရွာမှာ မီးစတင် လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အခုချိန်မှာတော့ စစ်တပ်နဲ့ ပျူစောထီးတွေ ရွာထဲကနေ ပြန်ထွက်သွားကြပေမယ့် ဒေသခံတွေဟာ ရွာနားကို မကပ်ရဲသေးဘဲ အခြေအနေ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မင်းကင်းမြို့နယ်က ရွာလေးရွာ ဖြစ်တဲ့ ဘင်ရွာ၊ အောက်ကျင်း လှည်းတန်းရွာ၊ အုန္နဲဘုတ်ရွာနဲ့ အနောက်တောရွာတို့က လူနေအိမ် ၁၃၄ လုံးကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး ပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသန ပြုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ သုတေသနပြုချက်တွေအရ စစ်တပ်က အာဏာ သိမ်းပြီးကတည်းက အခုလ ၄ ရက်နေ့ အထိ တိုင်းနဲ့ ပြည်နယ် ကိုးခုက မြို့နယ် ကျေးရွာ ၁၂၆ ခုမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှုကြောင့် နေအိမ်အလုံးပေါင်း ၃,၃၇၉ လုံး ရှိသွားပြီလို့ ဆိုပါတယ်။
အဲဒီအထဲမှာ အခု မင်းကင်းမြို့နယ်ပါဝင်တဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ် အလုံးပေါင်း ၁၄၀၀ ကျော် မီးရှို့ ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့က ဖော်ထုတ်ထားပါတယ်။