ရန်ကုန်မှာ ကျင်းပတဲ့ မင်းကိုနိုင်မွေးနေ့

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ပဋိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မွေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည ်အပါအဝင် နိုင်ငံရေး ခေါင်းဆောင် အများအပြား နဲ့အတူ စုစုပေါင်း လူ(၂)ထောင် ဝန်းကျင် တက်ရောက်ကြတယ်လို့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည် ညွန့်က RFA ကို ပြောပါတယ်။

2011.10.18
minkonaing-birthday ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ သမိုင်းမြို့မဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်ပြည့် မွေးနေ့ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသည့် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားများအတွက် ငှက်တကောင်ကို လွှတ်နေသည့် မြင်ကွင်း ဖြစ်ပါသည်။ AFP PHOTO/Soe Than WIN
AFP

ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပွဲ တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကိုမင်းကိုနိုင်နဲ့အတူ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေးကို မိမိတို့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ တိုင်းပြည်ကို အမှန်တကယ် လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်ရေးအတွက် အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုအပ်ကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။

ထောင်ထဲမှာရှိတဲ့ သူ့ကို ချစ်ခင်တဲ့သူတွေ လာပြီး အားပေးတဲ့အတွက် ဝမ်းသာတဲ့အကြောင်း၊ ကိုမင်းကိုနိုင်ကတော့ သူ့မွေးနေ့ကို အကျယ်မချဲ့စေချင်တဲ့အကြောင်း၊ အသက်အရွယ်တွေလည်း ငယ်တဲ့အရွယ် မဟုတ်တော့လို့ မွေးနေ့မလုပ်ပါနဲ့လို့ ပြောတဲ့အကြောင်း၊ ဒါပေမယ့် တစ်ယောက်စ နှစ်ယောက်စ လာနေမယ့် အတူတူ မထူးဘူးဆိုပြီး မွေးနေ့ပွဲ လုပ်ပေးလိုက်တာပါလို့ ဒေါ်ကြည်ကြည်ညွန့်က RFA ကိုပြောပါတယ်။

ကျိုင်းတုံ အကျဉ်းထောင်မှာတော့ ကိုမင်းကိုနိုင်ဟာ အနည်းငယ် နေမကောင်းနေတဲ့အပြင် ထောင်ပိုင်တွေလည်း ခရီးသွားနေတဲ့အတွက် မွေးနေ့ပွဲ မလုပ်ဖြစ်တဲ့အကြောင်း၊ ကိုမင်းကိုနိုင်ဟာ သွေးတိုးနေလို့ ဆေးသောက်နေရတဲ့အကြောင်း၊ တခြား လည်ပင်းကျီးပေါင်းတက် နေတာကတော့ ဆေး အမြဲ လိမ်းနေရတဲ့အကြောင်း၊ နှလုံးသွေးကြောအတွက်ကတော့ ဖြူစင်မေတ္တာဆေး သောက်နေရတဲ့အကြောင်း၊ ခြေထောက် အတက်နဲ့ ကိုက်တာခဲတာ အခုတလော နည်းနည်းတော့ သက်သာပါတယ်လို့ ဒေါ်ကြည်ကြည်ညွန့်က ရှင်းပြပါတယ်။

လက်ရှိ နိုင်ငံရေး အနေအထားပေါ်မှာ ကိုမင်းကိုနိုင်ရဲ့ သုံးသပ်ချက်ကို ပြောပြရာမှာတော့ သူတို့အနေနဲ့ ဒိုင်ယာလော့ဖြစ်ပေါ်ဖို့ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့အတိုင်း အန်တီ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ အစိုးရ ဒိုင်ယာလော့လုပ်နေတာကို သူ ထောက်ခံတဲ့အကြောင်း၊ ဒါပေမယ့် အချိန်သတ်မှတ်မှု တစ်ခုတော့ ရှိသင့်တယ်လို့ သူထင်တဲ့ကြောင်း၊ နောက်ပြီး ဒိုင်ယာလော့ကနေ ရလာမယ့် အန်တီ ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူလက်ခံမယ်လို့ ကိုမင်းကိုနိုင်က ပြောတဲ့ကြောင်း ဒေါ်ကြည်ကြည်ညွန့်က RFA ကို ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကိုမင်းကိုနိုင်မွေးနေ့ပွဲကို မိုးညှင်းမြို့၊ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ပွဲကျင်းပသူတွေရဲ့ ပြောဆိုချက်နဲ့ အင်းစိန်အကျဉ်းထောင် အထူးတိုက်မှာ ကိုမင်းကိုနိုင်နဲ့ နေရစဉ်ကာလက အတွေ့အကြုံ တစ်ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်ရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပွဲကို ပြည်ပနိုင်ငံတချို့မှာလည်း ကျင်းပခဲ့သလို ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ကိုမင်းကိုနိုင်နဲ့အတူ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတာကိုတော့ ဒေါ်ခင်ခင်အိက ဆက်လက် တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။