ပြည်ပက မဲစာရင်းအမှားကိစ္စ ရိုးသား မှုမရှိကြောင်း ကိုမင်းကိုနိုင် ပြော


2015.10.18
nld-88-campaign-ygn-620.jpg NLD ပါတီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တို့ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမမှာရှေ့မှာ ကျင်းပနေစဉ်
Photo: Myo Zaw Ko/ RFA

နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲမေးတဲ့အခါ မဲစာရင်းမှာယွင်းမှုတွေနဲ့ မဲပေးခွင့်ဆုံးရှုံးနေ တာတွေဟာ ရိုးသားမှုမရှိဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမမှာရှေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တနင်္ဂနွေနေ့က ပူးပေါင်းကျင်းပတဲ့ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲ မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့တာပါ။

"နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မဲပေးဖို့သံရုံးတွေမှာသွားပြီးတော့ မိမိတိုင်းပြည်အတွက် မဲဆန္ဒပေးဖို့ကြိုးစားကြတဲ့အခါမှာ ကြုံရတဲ့အခက်အခဲတွေ မဲဆွယ်မှုတွေသိပြီးသားပါ၊ သံရုံးရှေ့မှာ ညအိပ်ပြီးတော့ ပလက်ဖောင်းတွေပေါ်မှာ ငုတ်တုတ်ထိုင်စောင့်ပြီးတော့ နိုင်ငံ့အပြောင်းအလဲအတွက် သူတို့အားစိုက်နေကြတဲ့အချိန်မှာ အဲ့ဒီသံရုံးတွေကထွက်လာတဲ့ မဲတွေမှာ မဲကဒ်ပြားတွေပျောက်နေတာ အလုံးလိုက် အရင်းလိုက် မှားယွင်းနေတာတွေဟာ ရိုးရိုးသားသားဖြစ်တယ်လို့ ကျနော်ဖြင့်မထင်ဘူး"

အခမ်းအနားမှာ ကျောက်တံတားမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေမျိုးထက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာတို့အပြင် ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေကလည်း လူထုကို စကားပြောခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောတာတွေနဲ့အတူ မဲပေးပုံစနစ်တွေကိုလည်း လက်တွေ့သရုပ်ပြသခဲ့သလို အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ဖျော်ဖြေခဲ့ပြီး NLD ပါတီကို မဲပေးကြဖို့ စည်းရုံးခဲ့ကြပါတယ်။

NLD ပါတီနဲ့ ၈၈ မျိုးဆက်တို့ရဲ့ ပူးတွဲကျင်းပတဲ့ အခမ်းနားကို ပြည်သူလူထု ၂ ထောင်နီးပါး တက်ရောက်ခဲ့ကြ ပါတယ်။

ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားစတဲ့ ပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ အနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ပြဿနာတွေနဲ့အတူ အခက်အခဲတွေ ရှိနေတာကြောင့် ဆန္ဒမဲပေးခွင့် ဆုံးရှုံးသူတွေလည်း ရှိနေပါတယ်။

RFA သတင်းထောက် မရွှေရည်မဉ္ဇူက တင်ပြထားပါတယ်။

ပြည်ပ ကြိုတင်မဲပြဿနာတွေဟာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ တရားမျှတမှု အခြေအနေတွေအပေါ် ဂယက်ရိုက်မှုရှိနေတယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင် တချို့ကထောက်ပြကြပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြုံနေရတဲ့ ကြိုတင်မဲပြဿနာတွေအပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက စုစည်းတင်ဆက်ပေးထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲ မှားယွင်းမှုတွေဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်လို့ ဝေဖန်ပြောဆိုတာတွေ ရှိနေပေမယ့် ဥပဒေအကြောင်းအရ အရေးယူပိုင်ခွင်တော့ မရှိဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးကိုနီကို RFA သတင်းထောက် ကိုဘုန်းမြတ် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။