မဲမသမာမှုတွေကိုပါ ဖော်ထုတ် ကြဖို့ ကိုမင်းကိုနိုင် တိုက်တွန်း
2015.10.14

လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရုံနဲ့ မပြီးဘဲ မဲမသမာမှုတွေကို စောင့်ကြည့် ပြီး ဖော်ထုတ်တိုင်ကြားရမယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။
ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟုတ်ကျန့်ဘုံကျောင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပ တဲ့ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။
"ဒီလိုမဲတံဆိပ်ကို မှန်အောင်ဖြည့်ပြီးတော့ ပုံးထဲထည့်တက်ရုံနဲ့ မပြီးဘူးဆိုတာ နောက်ထပ် ကျနော်တို့ စောင့် ကြည့်ရမယ်၊ မတရားမှုတွေကို ဖော်ထုတ်နိုင်ရမယ်၊ တိုင်တန်းနိုင်ရမယ်၊ အရေးယူနိုင်ရမယ်၊ မဲပေးယုံနဲ့ မပြီးဘူးဆိုတာပဲ ထပ်ပြောပါရစေ၊ ဒါလေးမှတ်မိရင်တော်ပါပြီ"
ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဌ သူရဦးတင်ဦးက တပ်မတော် ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတာကို ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ပြောခဲ့ ပါတယ်။
သူရဦးတင်ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်း/ပွင့်က ကျောင်းသားခေါင်းဆောင်တွေဟာ မနေ့က ရွာငံ၊ ကလောနဲ့ အောင်ပန်း မြို့နယ်တို့မှာလည်း ဟောပြောပွဲတွေ ကျင်းပခဲ့ပြီး ညောင်ရွှေမှာ ဒီနေ့ညနေက ဟောပြောခဲ့ပါတယ်။
ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ပါတီဝင်တွေနဲ့ ဒေသခံတွေ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။