မွန်ဝန်ကြီးချုပ် ပူးတွဲတာဝန်ယူထား တဲ့ ဌာနတို့ကို လွှဲပြောင်းဖို့ စီစဉ်နေ


2016.07.17
minminoo-620.jpg မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို မွန်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပူးတွဲတာဝန်ယူထားတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် ဝန်ကြီးဌာန ၂ခုကို လွှဲပြောင်း ပေးသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ပြောပါတယ်။

"လွှဲပြောင်းမယ့် အစီအစဉ်တော့ရှိတယ်၊ ဘာမှတော့ မလုပ်ရသေးဘူး၊ လွဲရင်တော့ ၂ ခုလုံး လွှဲဖို့များ တယ်၊ စီစဉ်ထားတာတော့ရှိတယ် ဒါပေမဲ့ မလုပ်ရသေးဘူး ဒါပဲပေါ့နော်၊ အဲ့ဒါနဲ့သင့်တော်တဲ့သူ ရှာနေသေးတယ်၊ ဝန်ကြီးချုပ်တာဝန်ပဲ ဖိဖိစီးစီးလုပ်ချင်တာလည်းပါတယ်၊ ဒီဟာကျတော့ နည်းနည်းလေး ဝန်လာပိတာလည်း ပါတာပေါ့နော်၊ အဓိကတော့ ဝန်ကြီးချုပ်တာဝန်တစ်ခုပဲ ဖိဖိစီးစီးလုပ်ချင်တာပဲ ပါတယ်"

မွန်ပြည်နယ်မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ လျှပ်စစ် စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာန ၊ လူမှုရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန၊ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန စုစုပေါင်း ဝန်ကြီးဌာန ၈ ခု ရှိပါတယ်။

ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၂ ခုကို ဝန်ကြီးချုပ် ရာထူးနဲ့ ပူးတွဲတာဝန်ယူထားတာဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက ဝန်ကြီးဌာနတွေကို ပူးတွဲတာဝန်ယူထားခြင်းမရှိပါဘူး။

အဲဒီဝန်ကြီးဌာ နှစ်ခုကို ဘယ်ချိန်လွှဲပြောင်းပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဝန်ကြီးချုပ်ဟာ အရင်က လွှတ်တော်ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံထားရပြီးမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး လိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။