မင်းပြားမြို့နယ်မှာ ရေယာဉ်တစ်စီး နစ်မြုပ် လူ ၇ ဦး သေဆုံး
2017.04.13

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံဘွေကျေးရွာကနေ ကျောက်တော်မြို့နယ်ဘက်ကို ဘုရားဖူးခရီးထွက်ခွာလာ တဲ့ ရေယာဉ်တစ်စီးဟာ မင်းပြားမြို့နယ် တောင်ပုက္ကေကျေးရွာအနီးမှာ ဒီနေ့ မနက်အစောပိုင်းက နစ်မြုပ်ခဲ့ပြီး လူ ၇ ယောက်သေဆုံးခဲ့ပါတယ်။
အဲဒီရေယာဉ်မှာ လူပေါင်း ၆၀ ကျော်စီးနင်းလိုက်ပါလာတာဖြစ်ပြီး ဆယ်ယူလို့ ရရှိထားသူတွေကို မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်းက ပြောပါတယ်။
"ခရီးသည်က ကျနော်တို့ ခန့်မှန်းရသလောက် ၆၁ ဦးလောက် ရှိတယ်။ ဒီ ၆၁ ဦးမှာ ၇ ဦး ဆုံးသွားတယ်ပေါ့နော်။ ကျန်တဲ့သူတွေ အကုန်လုံးကတော့ ကျနော်တို့ ဆေးဝါးကုသမှုတွေ စောင့်ရှောက်မှုတွေ ကျနော်တို့ ပေးထားပါ တယ်။ လောလောဆယ်တော့ ကျနော်တို့ကတော့ အခင်းဖြစ်နေရာကို ရောက်နေတယ်။ ရောက်ပြီးတော့ အဲဒီမှာ ဆယ်တင်လို့ရတဲ့ လူတွေအကုန်လုံးကို မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံကို ပို့လိုက်ပြီပေါ့နော်။ ဆေးရုံကိုပို့ပြီးမှ ဆေးဝါးကုသမှုတွေရှိတယ်။ ကျန်တဲ့ကောင်းတဲ့သူတွေကတော့ ဒီမှာကျန်ခဲ့မှာပဲ"
သေဆုံးသူတွေဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေဖြစ်ပြီး မိန်းကလေး ၆ ဦးနဲ့ ယောက်ျားလေး တစ်ဦး ပါဝင် တယ်လို့ ပြောပါ တယ်။ အဲဒီရေယာဉ် နစ်မြုပ်မှုကြောင့် မိန်းကလေး တစ်ဦးပျောက်ဆုံးနေပြီး ၉ ဦးကို ဆေးရုံတင် ထားရတယ်လို့ သိရပါတယ်။
ရေယာဉ် နစ်မြုပ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေလည်း သွားရောက်နေကြ တယ်လို့ သိရပါတယ်။