ရွာတာဝန်ခံတစ်ဦး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရ
2019.02.13
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာ တာဝန်ခံတစ်ဦး မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းက သေနတ်နဲ့ လုပ်ကြံအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
လုပ်ကြံခံရသူ ဦးမောင်ကျော်ဟာ မိသားစုဝင်တွေနဲ့ အိမ်ဆောက်နေကြစဉ် သေနတ်သမားက လာ ရောက်ပစ်ခတ်တာကို ခံခဲ့ရတာလို့ မင်းပြားမြို့မ ရဲစခန်းက ဒု ရဲမှူး မြဇော်က ပြောပါတယ်။
ဦးမောင်ကျော်ဟာ လက်ရှိ ကျေးရွာတာဝန်ခံတစ်ယောက်ဖြစ်ပြီး အရင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း လည်းဖြစ်ပါတယ်။
တရားခံဘယ်သူဖြစ်တယ်ဆိုတာတွေကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း အလောင်းကို မင်းပြားဆေးရုံကို ပို့ထားတယ်လို့လည်း ဒုရဲမှူး မြဇော်က ပြောပါတယ်။
သေဆုံးသူ ဦးမောင်ကျော်ရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့မရသေးပါဘူး။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး AA ရဲ့လှုပ်ရှားမှုတွေကို သတင်းပေးနေသူတွေကို ရခိုင်တစ်မျိုးသားလုံးရဲ့ ရန်သူအဖြစ် သတ်မှတ် ကြောင်းကြေညာချက် နဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေ ရပ်တန့်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့ကြေညာချက်တွေကို AA က ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ထုတ်ပြန်ထားပါတယ်။
အခု ဦးမောင်ကျော် လုပ်ကြံခံရတာဟာ AA အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကို ဆက်သွယ်ဖို့ကြိုးပမ်းပေမယ့် လည်း ဆက်သွယ်လို့မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု ရွာဟောင်းရွာက ဦးမောင်အေးသိန်း ဆိုသူ သေနတ်နဲ့ လုပ်ကြံအသတ်ခံခဲ့ရသလို ရခိုင်ပြည်နယ်အတွင်း သေနတ်နဲ့လုပ် ကြံမှုပေါင်းက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနဲ့ပါဆိုရင် ၆ ယောက်မြောက်ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေ တာ ၂ လ ခွဲနီးပါးရှိနေပြီး ခုလို အရပ်သားပြည်သူတွေ သေနတ်နဲ့လုပ်ကြံခံနေရတာလည်း မကြာ မကြာဖြစ်နေတာကြောင့် ပြည်သူတွေလည်း ထိတ်လန့်နေကြရပါတယ်။
ခရီးသွားလာဖို့ဆိုရာမှာလည်း လမ်းတွေပေါ်မှာ မိုင်းထောင်ထားတာတွေရှိနေလို့ နေရာဒေသတစ်ချို့ တွေမှာလည်း မိုင်းပေါက်ကွဲတာတွေလည်း မကြာမကြာ ဖြစ်နေပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီး ရွာတွေထဲကို တပ်မတော်က ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေရှိသလို AA ရက္ခိင့်တပ်မတော်ကလည်း တပ်မတော်ကို သတင်းပေးတိုင်ကြားတာတွေမလုပ်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ခုလိုအရပ်သားပြည်သူတွေ သေနတ်နဲ့လုပ်ကြံခံရတာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကသာ လုပ်ကြံတာဖြစ်မယ်လို့လည်း ဒေသခံတွေက ဝေဖန်ထောက်ပြကြပါတယ်။
မနေ့က မင်းပြားမြို့နယ် ကျောက်ခုတ်ရွာက ကျေးရွာတာဝန်ခံ ဦးမောင်ကျော်ဟာလည်း သေနတ်နဲ့ လုပ်ကြံအသတ်ခံခဲ့ရလို့ ရွာသားတွေလည်း ထိတ်လန့်နေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက စာရေး ဦးမောင်ထွန်းဝင်းက ပြောပါတယ်။
"ပစ်တာက လေးချက် ဒဏ်ရာက သုံးချက်ရှိပါတယ်၊ ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့လည်း မရှိတာမို့ ကျွန်တော်တို့အိမ်နဲ့ သူတို့အိမ်နဲ့ သိပ်ဝေးတယ်၊ သေနတ်ပစ်တာတောင်မှ ကျွန်တော်တို့မကြားလိုက်ရ ဘူးဗျ၊ ရွာသူရွာသားတွေတော့ ထိတ်လန့်ကြောက်ရွံ့တာတွေဖြစ်တာပေါ့ဗျာ၊ နောက်နောင်အဲလိုကိစ္စ မျိုးတော့မဖြစ်စေချင်ဘူးဗျာ"
ဦးမောင်ကျော် လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး RFA က မင်းပြားမြို့မ ရဲစခန်းကို ဆက်သွယ်မေးကြည့်ရာ
"မုန့်ဆိုင်ဆောက်လုပ်ဖို့ဆိုပြီးတော့ မိသားစုဝင်တွေက ရွာနဲ့အိမ်နဲ့ ခပ်လှမ်းလှမ်းနေရာကို သွားနေကြ တယ် ဦးမောင်ကျော် တစ်ယောက်တည်း ကျန်နေတာပေါ့နော်၊ အမည်မသိသူတစ်ဦးကပေါ့ အိမ်နဲ့လမ်း နဲ့လည်းနီးပါတယ်၊ နောက်ပြီးတော့ ပစ်သတ်သွားတယ်လို့ သိရပါတယ်၊ ကျွန်တော်တို့က အခုမှ စုံစမ်းနေတုန်းခင်ဗျ၊ အမှုနဲ့ပတ်သက်လို့ မပြည့်စုံသေးလို့ ပြောဖို့ခက်ခဲနေပါတယ်၊ ကျွန်တော်တို့က မေးမြန်းစုံစမ်းနေဆဲဖြစ်တာကြောင့် အခုလောက်ပဲပြောနိုင်သေးတယ်လေ"
မင်းပြားမြို့မရဲစခန်းက စခန်းမှူး ပြောသွားတာပါ။
ရခိုင်ပြည်နယ်မှာ စစ်ပွဲဖြစ်ပွားနေတဲ့ ကာလအတွင်းမှာတော့ ဒေသခံတွေလည်း စစ်ဘေးဒုက္ခသည် အဖြစ် ဘေးလွတ်ရာထွက်ပြေးနေရသူ ၆၀၀၀ ကျော်ထိ ရှိနေပြီလည်းဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က အခုလိုပြောပါတယ်။
"ဘယ်အဖွဲ့က အဲဒီလိုလုပ်ကြံသတ်ဖြတ်သွားတယ်ဆိုတာ အတိအကျ မဖော်နိုင်သေးပါဘူးခင်ဗျ၊ ဒါပေ မဲ့ ရခိုင်ပြည်နယ်မှာ သေနတ်နဲ့ လုပ်ကြံလို့ သေဆုံးသွားရတဲ့သူကတော့ လေးယောက်လောက် ရှိနေ ပြီဖြစ်ပါတယ်၊ ကျွန်တော်တို့ သိတာကတော့ စစ်တွေဝင်္ကဘာကွင်းထဲမှာရယ်၊ နောက် မြေပုံမြို့နယ်မှာ ဦးခင်သန်းမောင်ရယ်၊ ပန်းမြောက်မှာရယ်၊ နောက်တစ်ယောက်ရယ်၊ အခုတစ်ယောက်ဆိုတော့ လေး ယောက်ပေါ့ ကျွန်တော်တို့ သိတာပေါ့ဗျာ၊ မကျေနပ်ရင် တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းရင်လည်းရတယ်လို့ ထင်ပါတယ်၊ ကျန်ရစ်တဲ့ မိသားစုဝင်တွေရော တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ရော မလိုလား အပ်တဲ့ အသက်သေဆုံးခဲ့ရမှုဟာ ဘယ်လူသားတွေကမှ လက်မခံနိုင်တဲ့လုပ်ရပ်ပါပဲ"
ရခိုင်ပြည်နယ်ထဲက ပြည်သူတွေ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခရောက်နေကြရသလို လက်နက်ကိုင် ခြိမ်းခြောက်လုပ်ကြံခံနေရတာတွေကို နားဆင်ရတာဖြစ်ပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။