မင်းပြားမှာ မိုင်း ၃ လုံး ပေါက်ကွဲ
2017.09.20

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဆတ်ကျာကျေးရွာနဲ့ ကင်းဆိပ်ကျေးရွာအနီးမှာ မနေ့ညက မိုင်း ၃ လုံး ပေါက်ကွဲခဲ့ ပါတယ်။
အဲဒီမိုင်းတွေဟာ စစ်တွေ-ရန်ကုန် ကားလမ်းမဘေးက သစ်ပင်ခြေရင်းတွေမှာ ပေါက်ကွဲခဲ့တာလို့ မင်းပြားမြို့နယ် မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ကုန်တင်ကားတစ်စီးနဲ့ ခရီးသည်တင်ကားတစ်စီး ဖြတ်သွားချိန်မှာ အခုလိုမိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ကားမှန်အချို့ ကွဲအက်သွားပေမယ့် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မင်းပြားမြို့မရဲစခန်းမှာ အမှုဖွင့်စီစစ်နေသလို တပ်မတော်ကလည်း ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှုကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာကို စီစစ်နေဆဲဖြစ်တယ်လို့လည်း အဲဒီရဲအရာရှိက ပြောပါတယ်။
မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်သူကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အထက်ကို တင်ပြထားဆဲဖြစ် တာကြောင့် ဒီအပေါ်မှာ တစ်စုံတရာ ထုတ်ပြန်ပြောဆိုလို့ မရသေးဘူးလို့ပြောပါတယ်။