နေပြည်တော် NLD ပါတီ ဥက္ကဋ္ဌနဲ့ အမတ်နှစ်ဦးအမှု ဆက်လက်စစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေ NLD ပါတီဥက္ကဋ္ဌ ဦးမင်းသူ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကျော်မင်းလှိုင်နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့ကို စစ်ကောင်စီက သီးခြားစီစွဲဆိုထားတဲ့ အမှုတွေကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ဒီနေ့ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဦးမင်းသူကို စွဲဆိုထားအမှုတွေထဲက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အမှုအတွက် စွပ်စွဲခံရသူဘက်က သက်သေတစ်ဦးကို စစ်ဆေးပြီး သူရဲ့နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဥပဒေပုဒ်မ- ၂၅ အမှုအတွက်ကတော့ ဆင့်ခေါ်ထားသူမလာတဲ့အတွက် ဒီနေ့ မစစ်ဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) နဲ့စွဲဆိုထားတဲ့အမှုမှာလည်း ဒီနေ့ ရုံးချိန်းမှာ နောက်ဆုံးကျန်နေတဲ့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ အမှုနှစ်မှုခွဲပြီး စွဲဆိုခံထားရတဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကတော့ ဒီနေ့မှာ အဲဒီထဲက တစ်မှုအတွက် စွပ်စွဲခံသူဘက်က သက်သေတစ်ဦးကို စစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။
ဦးမင်းသူဟာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ အစိုးရဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်လာဖို့ အဓိက ကြိုးကိုင်ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ ဖမ်းဆီးခံနေရ တာဖြစ်ပြီး သူ့ထွက်ဆိုချက်အရ ဆက်စပ်ပါဝင်သူတွေဖြစ်တဲ့ ဦးကျော်မင်းလှိုင်၊ ဦးသန့်ဇင်ထွန်းတို့ကိုလည်း အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဦးမင်းသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်၊ ဦးကျော်မင်းလှိုင်က မတ်လ ၁ ရက်နေ့နဲ့ ဦးသန့်ဇင်ထွန်းက မတ်လ ၂ ရက်နေ့တွေမှာ အသီးသီးဖမ်းဆီးခံခဲ့ရတာပါ။
ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က)ဟာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေတပ်က အရာရှိ ဒါမှမဟုတ် တပ်သားကို စစ်ပုန်ကန်အောင်၊ တာဝန်ဝတ္တရားကို မလေးစား ပျက်ကွက်အောင် ပြုလုပ်မှုအတွက် ပြဌာန်း ထားတဲ့ပုဒ်မဖြစ်ပြီး မူလက အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဲဒီပုဒ်မကို ထောင်ဒဏ် သုံးနှစ်အထိ တိုးမြှင့် ပြင်ဆင်ထားပါတယ်။